The network connection is lost.

Banner Image

အသွင်သစ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ ရည်မှန်းထားတဲ့ ဘယ်လင်ဟမ်

ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် မကြာမီကျင်းပတော့မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြိုင်ပွဲကြီးတစ်ခုအဖြစ် သတ်မှတ်ထားပြီး ဗိုလ်စွဲနိုင်အောင်ကြိုးစားသွားဖို့ ရည်မှန်းထားတယ်လို့ ဘယ်လင်ဟမ်က ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က အခြားဘယ်ကလပ်အသင်းထက်မဆို ချန်ပီယံလိဂ်ဖလားအရေအတွက် ပိုမိုပိုင်ဆိုင်ထားပြီး အခုပြိုင်ပွဲဝင်ကလပ်အသင်းအရေအတွက်တိုးချဲ့ထားတဲ့ ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံဆုကို အမိအရဆုပ်ကိုင်နိုင်ဖို့ ရည်မှန်းထားပါတယ်။ အခုပြိုင်ပွဲကျင်းပသင့်၊မသင့် မေးခွန်းထုတ်နေမှုတွေ ရှိပေမယ့် ဘယ်လင်ဟမ်ကတော့ ဒီမေးခွန်းကို အလေးအနက်ထားဖြေဆိုသွားခဲ့ပါတယ်။

ဘယ်လင်ဟမ်က “ ကျွန်တော်တို့အသင်းရဲ့ပွဲစဉ်တွေအကုန်လုံး အလွန်ကောင်းမွန်လာလိမ့်မယ်လို့ ထင်ပါတယ်။ အမေရိကန်မြေမှာ ရာသီကြိုကာလကို ဖြတ်သန်းခဲ့ဖူးပြီး နှစ်စဉ်နှစ်တိုင်း ပရိသတ်တွေ ပိုမိုများပြားလာခဲ့ကာ ကျွန်တော်တို့အတွက် လှပတဲ့အရာတစ်ခု ဖြစ်ပါတယ်။ တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ဒီနေရာဆီရောက်ရှိလာတဲ့အချိန်တိုင်းမှာ အနိုင်ရရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုပဲ ရှိပါတယ်။ ရှည်လျားတဲ့ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ ထုံးစံအတိုင်းပဲ နားချိန်တန်နား၊ ကစားချိန်တန်ကစားပြီး ရှေ့ခရီးဆီဆက်သွားရပါမယ်။ အရေးအကြီးဆုံးအရာက ဘောလုံးဆိုတာပါပဲ။ ကျွန်တော်တို့ အနိုင်ရရှိဖို့ ကြိုးစားသွားပါမယ်”လို့ ပြောပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ စိတ်ပျက်ဖွယ်နိုင်ငံတကာသီတင်းပတ်အပြီး ဘယ်လင်ဟမ်က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ရောက်ရှိလာပါလိမ့်မယ်။သူက ကလပ်နဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် နောက်ဆုံး ၁၃ ပွဲမှာ တစ်ဂိုးသာ သွင်းယူထားနိုင်လို့ ယေဘုယျအားဖြင့် အကောင်းဆုံးပုံစံမရရှိသေးဘူးလို့ ယူဆနိုင်စရာလည်း ရှိပါတယ်။

ဒါပေမယ့် သူက အမေရိကန်မြေမှာ အောင်ပွဲရယူဖို့အတွက် ရီးရဲလ်မက်ဒရစ်ရဲ့အဓိကသော့ချက်ကစားသမား ဖြစ်လာနိုင်ပြီး အုပ်စုအဆင့်မှာ အယ်လ်ဟီလယ်၊ ပါချူကာ၊ ရက်ဒ်ဘူးဆဲလ်ဘတ်တို့နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။