
ယူရိုပါလိဂ် ဂိုးပြတ်နိုင်ပွဲက အသင်းရဲ့အဓိက ကစားသမားအချို့ကို အနားရစေခဲ့တယ်လို့ဆိုလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဘီလ်ဘာအိုကို ၀-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့ခြင်းက အသင်းရဲ့အဓိက ကစားသမားတွေအတွက် အနားယူစေဖို့ အခွင့်အရေးဖြစ်လာခဲ့တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ အဝေးကွင်းမှာ ၃ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ဖို့ သေချာသလောက်ဖြစ်နေပြီး တစ်ဖက်မှာလည်း တော့တင်ဟမ်က ဘိုဒိုဂလင့်ကို ၃-၁ နဲ့အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ဖို့ အလားအလာများနေပါတယ်။
ယူနိုက်တက်အနေနဲ့ ယူရိုပါလိဂ်ဆုဖလားကိုသာ ဆွတ်ခူးနိုင်ခဲ့မယ်ဆိုပါက နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားမှာဖြစ်သလို နွေရာသီမှာ ကစားသမားသစ်တွေခေါ်ယူနိုင်ဖို့အတွက်လည်း ဘဏ္ဍာငွေအထောက်အပံ့တွေရရှိသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အာမိုရင်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာရပ်တည်နေပါတယ်။
ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က "ကျွန်တော်တို့အားလုံးမှာ အသင်းအတွက်ပေးဆပ်ဖို့ တာဝန်ရှိပေမယ့် ဒီပွဲမှာတော့ စွန့်စားမှုအနည်းငယ်ယူသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အာမိုရင် ဘီလ်ဘာအိုနဲ့ပွဲမှာပါဝင်ကစားခဲ့တဲ့ နောက်ခံလူ မာဇရာဝီဟာ ဒဏ်ရာပြဿနာကြောင့် ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်ကို လွဲချော်သွားမယ်လို့ဆိုပါတယ်။ ပေါ်တူဂီသားနည်းပြက "မာဇရာဝီက ပွဲပန်းနေပါတယ်။ ကျွန်တော်တို့ အသင်းရဲ့အဓိကနေရာအချို့မှာ ကစားသမားတွေကို လက်လွှတ်ထားရပါတယ်" လို့ပြောကြားခဲ့ပါတယ်။
သို့သော်လည်း ယူနိုက်တက်အတွက် အပြုသဘောဆောင်တဲ့အချက်တစ်ချက်ကတော့ တောင်ပံကစားသမား အာမက်ဒီယာလိုတစ်ယောက် ကြံ့ခိုင်မှုပြည့်ဝနေခြင်းဖြစ်ပါတယ်။ ကစားသမားဟာ ဘီလ်ဘာအိုနဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်နိုင်လဲ့လို့ ယခုဘရန့်ဖို့ဒ်နဲ့ပွဲမှာလည်း ဆက်လက်ပါဝင်ကစားနိုင်ချေရှိပါတယ်။