The network connection is lost.

Banner Image

ဇက်ခ်ဇီကိုခေါ်ယူဖို့ ဂျူဗင်တပ်စ်ကိုတိုက်တွန်းလာတဲ့ ကာပယ်လို

အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဖေဘီယိုကာပယ်လိုက မန်ချက်စတာယူနိုက်တက်မှာရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီကိုခေါ်ယူဖို့ ဂျူဗင်တပ်စ်ကို အကြံပေးတိုက်တွန်းလာခဲ့ပါတယ်။ ကာပယ်လိုဟာ အီတလီအပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီး မကြာခဏဆိုသလို အကြံပေးမှုတွေပြုလုပ်နေကာ နာပိုလီကိုလည်း မန်စီးတီးကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းအားခေါ်ယူဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ယခုအခါမှာတော့ အီတလီသားဟာ ဂျူဗင်တပ်စ်အနေနဲ့ ဇက်ခ်ဇီကိုခေါ်ယူပါက အကျိုးဖြစ်ထွန်းတဲ့ ခေါ်ယူမှုဖြစ်လာနိုင်ကြောင်း ထောက်ပြပြောဆိုလာခဲ့ပါတယ်။ 

လက်ရှိတိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့မှာပဲ အသင်းကနေထွက်ခွာဖို့ အလားအလာများနေတာကြောင့် ဂျူဗင်တပ်စ်အနေနဲ့ ဆားဘီးယားလက်ရွေးစင်ရဲ့နေရာမှာ ကစားသမားသစ်အစားထိုးဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဇက်ခ်ဇီဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရပေမယ့် ကြီးမားတဲ့အလားအလာရှိတယ်လို့ ကာပယ်လိုကဆိုပါတယ်။ 

ဆိုရှယ်မီဒီယာမှတစ်ဆင့် ကာပယ်လိုက "စီးရီးအေမှာ စစ်မှန်တဲ့ခြေစွမ်းကိုပြသခဲ့တဲ့ ဇက်ခ်ဇီအကြောင်းပြောချင်ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာတော့ သူရုန်းကန်နေရပါတယ်။ ဒါကြောင့် သူ့ကို အီတလီကိုပြန်ခေါ်နိုင်ဖို့ပါတယ်။ သူ့ရဲ့တန်ကြေးက ဂျိုကာရက်စ်တို့လို အရမ်းမြင့်မားမှာမဟုတ်ပါဘူး။ ဂျိုကာရက်စ်က စပို့တင်းလစ္စဘွန်းမှာ ဂိုးတွေအများကြီးသွင်းနိုင်တယ်ဆိုပေမယ့် အီတလီစီးရီအေလို ထိပ်သီးလိဂ်မျိုးမှာမကစားဖူးပါဘူး။ ဒါကြောင့် ဂျူဗင်တပ်စ်အနေနဲ့ ဂျိုကာရက်စ်အစား ဇက်ခ်ဇီကိုခေါ်ယူရင်တော့ ပိုကောင်းတဲ့အပြောင်းအရွှေ့ဖြစ်လာနိုင်ပါတယ်" လို့ရေးသားခဲ့ပါတယ်။ 

ဇက်ခ်ဇီရဲ့လက်ရှိအခြေအနေက ဂျိုကာရက်စ်အပေါ်မူတည်နေပြီး ဂျူဗင်တပ်စ်အနေနဲ့ ဆွီဒင်လက်ရွေးစင်ကိုသာခေါ်ယူခဲ့ပါက ဇက်ခ်ဇီတစ်ယောက် အီတလီမြေသို့ပြန်ရောက်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ သို့သော်လည်း အခြားအသင်းတစ်သင်းက ဂျိုကာရက်စ်ကို လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ခဲ့ရင်တော့ ဂျုဗင်တပ်စ်အနေနဲ့ ဇက်ခ်ဇီကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်လာနိုင်ပါတယ်။