The network connection is lost.

Banner Image

လီဗာပူးနဲ့ပွဲမှာ ပြန်လည်ပါဝင်လာဖို့ အလားအလာရှိနေတဲ့ မာဇရာဝီ

မန်ချက်စတာယူနိုက်တက်နောက်ခံလူ မာဇရာဝီဟာ ဒဏ်ရာပြဿနာအခြေအနေမှ ရုန်းထွက်လာနိုင်တာကြောင့် လာမယ့်တနင်္ဂနွေနေ့ လီဗာပူးနဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။

မာဇရာဝီဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၀ ရက်နေ့ကတည်းက ဒဏ်ရာပြဿနာကြောင့်အနားယူနေခဲ့ရတာြဖစ်ပြီး ယခုအခါမှာတော့ လေ့ကျင့်ရေးအစီအစဉ်တွေ ပြန်လည်ပြုလုပ်နေပြီဖြစ်ပါတယ်။ အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ ယခုတစ်ပတ် ယူနိုက်တက်မှာ ဆေးစစ်မှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး အသင်းရဲ့လေ့ကျင့်ရေးကွင်း ကာရင်တန်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ 

မော်ရိုကိုလက်ရွေးစင်ဟာ ရာသီကြိုကာလမှာကတည်းက ဒဏ်ရာပြဿနာနဲ့ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းပွဲစဉ် ၄ ပွဲစလုံးကိုလည်း လွဲချော်ထားခဲ့ပါတယ်။ ထိုစဉ်ကတည်းက ၁ လကျော်ကြာ အနားယူခဲ့ရတဲ့ မာဇရာဝီဟာ ဩဂုတ်လက ဘန်လေကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှသာ ယူနိုက်တက်အတွက် ပြန်လည်ပါဝင်ကစားပေးနိုင်ခ့တာဖြစ်ပါတယ်။ 

ထို့နောက်မှာတော့ မော်ရိုကိုသားဟာ မန်ချက်စတာစီးတီး၊ ချဲလ်ဆီးတို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဆက်တိုက်ပါဝင်ကစားနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်၊ ဆန်းဒါးလန်းတို့နဲ့ပွဲစဉ်တွေကိုတော့ ထပ်မံလွဲချော်ထားခဲ့ပါတယ်။ မာဇရာဝီဟာ နည်းပြရူဘင်အာမိုရင်ရဲ့ ယုံကြည်မှုကိုရရှိထားတဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ၄၂ ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ မာဇရာဝီကို ၂၀၂၄ ခုနှစ်မှာ ယူနိုက်တက်နည်းပြဟောင်း အဲရစ်တန်ဟက်က ဘိုင်ယန်မြူးနစ်မှစတင်ခေါ်ယူခဲ့တာဖြစ်ပေမယ့် နည်းပြအပြောင်းအလဲကြောင့် ကစားသမားဟာ နယ်သာလန်သားနဲ့အတူ ကာလရှည်အလုပ်တွဲလုပ်ခွင့်မရခဲ့ပါဘူး။ 

လာမယ့်စနေနေ့မှာ ယူနိုက်တက်ဟာ အင်္ဂလန်ဒါဘီပွဲစဉ်အဖြစ် လီဗာပူးကို အန်ဖီးလ်မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်လို့ ခက်ခက်ခဲခဲကစားသွားရမှာဖြစ်ပြီး အခုလို မာဇရာဝီရဲ့အပြုသဘောဆောင်တဲ့သတင်းဟာ နည်းပြအာမိုရင်အတွက်တော့ ဝမ်းသာစရာဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲရှုံးရလဒ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။