
အီဆက်ခ်အတွက် ပွဲကစားခွင့်ရရှိရေးအချိန်ဇယားတစ်ခုကို အရိပ်အမြွက်ချပြလာတဲ့ အန်းစလော့
ဗြိတိန်ဘောလုံးလောကရဲ့ ပြောင်းရွှေ့ကြေးအမြင့်မားဆုံးကစားသမားဖြစ်တဲ့ အီဆက်ခ်အတွက် လီဗာပူးကစားသမားဘဝပွဲဦးထွက်ကစားနိုင်မယ့်အချိန်ကို အန်းစလော့က အရိပ်အမြွက်ပြောပြခဲ့ပါတယ်။ ပရီမီးယားလိဂ်ချန်ပီယံတွေက ရေရှည်အစီအမံတွေထဲမှာ ပေါင် ၁၂၅ သန်း(ဒေါ်လာ ၁၆၉ သန်း)တန် တိုက်စစ်မှူးကို ထည့်သွင်းထားခြင်းဖြင့် ဘန်လေနဲ့အဝေးကွင်းခရီးစဉ်အတွက် အသင်းလူစာရင်းမှာ ဆွီဒင်သားကို မထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လတ်တလောမှာတော့ အီဆက်ခ်က သူ့ရဲ့ကလပ်အသင်းသစ်မှာ လေ့ကျင့်ခန်းတွေ ဆင်းနေခဲ့ပြီးပါပြီ။ ဒါ့အပြင် ကစားသမားရဲ့ကြံ့ခိုင်မှု ပိုင်းအတွက် စွန့်စားမှုတစုံတရာမပြုလုပ်လိုတဲ့ ပရီးမီးယားလိဂ်ချန်ပီယံတွေက Turf Moor မှာရင်ဆိုင်ရတဲ့ပွဲစဉ်ရဲ့အသင်းလူစာရင်းမှာ တိုက်စစ်မှူးကို ချန်လှပ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ လီဗာပူးက မိုဆာလက်ရဲ့နောက်ကျပယ်နယ်တီသွင်းဂိုးနဲ့အတူ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ စိတ်လှုပ်ရှားဖွယ် စတုတ္ထမြောက်နိုင်ပွဲကို ရရှိခဲ့ပါတယ်။
အခုနွေရာသီတလျှောက်လုံး စိန့်ဂျိမ်းစ်ပတ်ခ်မှာ စစ်ခင်းနေခဲ့တဲ့ အီဆက်ခ်က ပွဲစဉ်တွေမှာ ပါဝင်ကစားဖို့အတွက် ကြံ့ခိုင်မှုမပြည့်ဝပါဘူး။ ဒီအချက်ကြောင့်ပဲ အန်းစလော့က သူ့ရဲ့ပွဲထက်လူစာရင်းမှာ လီဗာပူးရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ကို အလျှင်စလိုအသုံးပြုသွားဖို့ မရှိသေးပါဘူး။
ဘန်လေကို ခက်ခက်ခဲခဲအနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း တိုက်စစ်ပိုင်းစွမ်းဆောင်ရည်ချို့တဲ့မှုကို မြင်တွေ့ရပြီးနောက် အီဆက်ခ်နဲ့ပတ်သက်လို့ အန်းစလော့က “ အကြောင်းပြချက်ကောင်းတစ်ခုကြောင့် ရွေးချယ်မှုတစ်ခု လုပ်ခဲ့ပါတယ်။ အီဆက်ခ်က အသင်းလိုက်လေ့ကျင့်ရေးတွေနဲ့ လေးလကြာလွဲချော်ခဲ့လို့ အခုလိုမျိုး ရွေးချယ်ခဲ့တာပါ။ ရာသီကြိုကာလရဲ့ဒုတိယပတ်(သို့မဟုတ်)တတိယပတ်မှာပဲ သူ လေ့ကျင့်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က အီဆက်ခ်အတွက် သီတင်းပတ်တစ်ခုလောက် အချိန်ပေးခဲ့ပြီး လာမယ့်ဗုဒ္ဓဟူးနေ့ပွဲစဉ်ကိုတော့ ပွဲချိန် ၁၀ မိနစ်၊ ၁၅ မိနစ်ထက်မနည်း သူကစားပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကပဲ သူ့ကို ကျွန်တော်တို့ တည်ဆောက်ပေးနေတဲ့ နည်းလမ်းတစ်ခုပါ။ သူ့အတွက် သင့်တော်တဲ့ပွဲကစားချိန်တွေ လိုအပ်ပေမဲ့ သူကိုယ်တိုင်လည်း အကောင်းဆုံးဖြစ်အောင် တည်ဆောက်ထားနိုင်ဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
လာမယ့်ဗုဒ္ဓဟူးနေ့၊ အက်သလက်တီကိုမက်ဒရစ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ လီဗာပူးအသင်းအရန်ခုံတန်းပေါ် အီဆက်ခ်ရှိနေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီပွဲစဉ်က အဲဗာတန်နဲ့ ရင်ဆိုင်ရမယ့် စက်တင်ဘာ ၂၀ ရက်၊ အန်ဖီးလ်ကွင်းမာဆေးဆိုဒ်ဒါဘီပွဲစဉ်မတိုင်ခင် ဆွီဒင်တိုက်စစ်မှူးကို အိမ်ရှင်ပရိသတ်တွေနဲ့ မိတ်ဆက်ပေးမှု လို့ ယူဆနိုင်ပါတယ်။