
လက်ရွေးစင်အသင်းမှာ နည်းပြနာဂယ်စ်မန်းရဲ့ထောက်ခံမှုအပြည့်အဝရရှိထားဆဲဖြစ်တဲ့ တာစတီဂန်
ဘာစီလိုနာကစားသမားဘဝအိပ်မက်ဆိုးတွေကြားမှာပဲ ဂျာမနီလက်ရွေးစင်အသင်းနည်းပြနာဂယ်စ်မန်းထံမှ ကြီးမားတဲ့ထောက်ခံမှုတစ်ခုကို ဂိုးသမားတာစတီဂန် ရရှိခဲ့ပါတယ်။ဂျာမနီအသင်းနည်းပြနာဂယ်စ်မန်းက ဘာစီလိုနာအသင်းနဲ့အတူ ပြဿနာများစွာရှိနေတဲ့ တာစတီဂန်ကို လာမယ့်နှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဦးစားပေးဂိုးသမားအဖြစ် ရွေးချယ်သွားဖို့ စီစဉ်နေပါတယ်။
အက်စ်ပန်ညိုမှ ဂျိုအန်ဂါစီယာရောက်ရှိလာမှုနဲ့အတူ ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့ဘောလုံးရာသီ၊ အချိန်ကာလအများစုကို လွဲချော်ခဲ့တဲ့ ဂျာမန်လက်ရွေးစင်ဂိုးသမားရဲ့ကလပ်အသင်းပွဲထွက်ခွင့်နေရာ ဆုံးရှုံးရတော့မယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိလာခဲ့ပါတယ်။ကျောဒဏ်ရာခွဲစိတ်ကုသမှုခံယူပြီးနောက် ကာလအတော်ကြာအနားယူခဲ့ရတဲ့ တာစတီဂန်အတွက် ဟန်စီဖလစ်ခ်ရဲ့ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းမှာ ပါဝင်နိုင်ဖို့ နောက်ထပ်ရှုပ်ထွေးမှုတွေလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် လာမယ့်နှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့လက်ရွေးစင်ပွဲထွက်ခွင့်နေရာဆီ လက်ရွေးစင်ကစားသမားဘဝအနားယူထားတဲ့ နူအာ ပြန်လည်ရောက်ရှိလာနိုင်မှုနဲ့အတူ စိုးရိမ်ထိတ်လန့်စရာတွေ ရှိလာပါတယ်။ အလားတူ ဘာစီလိုနာကလည်း ပြီးခဲ့တဲ့နွေရာသီမှာ ပိုလန်ဂိုးသမားဆက်ဇ်နီကို လက်မှတ်ရေးထိုးခေါ်ယူခဲ့ပါတယ်။
နာဂယ်စ်မန်းကတော့ လာမယ့်နှစ်ပြိုင်ပွဲမတိုင်ခင် တာစတီဂန်ရဲ့နေရာကို အစားထိုးသွားဖို့ စဉ်းစားနေတယ်ဆိုတဲ့ ဆွေးနွေးမှုတွေကို ငြင်းဆိုလိုက်ပြီး အသက်-၃၃ နှစ်အရွယ်ဂိုးသမားအနေဖြင့် လာမယ့်ဆောင်းရာသီကာလအတွင်း ဘာစီလိုနာအသင်းမှာ နေရာပြန်ရနိုင်တယ်လို့လည်း ယူဆထားခဲ့ပါတယ်။
ဂျာမနီလက်ရွေးစင်အသင်းနည်းပြက “ တာစတီဂန်သာ ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် ကလပ်အသင်းမှာရော၊ လက်ရွေးစင်အသင်းမှာပါ နံပါတ်-၁ ဂိုးသမား ဖြစ်နေပါလိမ့်မယ်။ ဒါကို တာစတီဂန်ကိုယ်တိုင်လည်း သိပါတယ်။ ကျွန်တော့်ရဲ့စိတ်ကူးထဲမှာတော့ တာစတီဂန်က ဒီဇင်ဘာလောက်ဆိုရင် ပြန်ကစားနိုင်ပါလိမ့်မယ်။ ဒီနောက်မှာတော့ မတ်လနိုင်ငံတကာသီတင်းပတ်မှာ ကစားမယ်၊ ဇွန်လမှာလည်း ဆက်စားပါလိမ့်မယ်။ ပြီးရင်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲပေါ့။ တာစတီဂန်အတွက်တော့ တကယ့်ကိုခက်ခဲလွန်းလှတဲ့အခိုက်အတန့်တစ်ခု ဖြစ်နေခဲ့ပါပြီ။ ကျွန်တော်လည်း သူနဲ့အတူ ကောင်းမွန်တဲ့ဆွေးနွေးမှုတစ်ခု လုပ်ခဲ့ပါတယ်။ သူ့ဆီမှာ အခြေအနေအပေါ် မှန်မှန်ကန်ကန်သုံးသပ်နိုင်စွမ်းရှိပါတယ်”လို့ ပြောပါတယ်။
ဘာစီလိုနာအသင်းဘက်ကတော့ ခွဲစိတ်ကုသမှုခံယူထားတဲ့ တာစတီဂန်ကို လေးလဝန်းကျင် အနားယူသွားရမယ်လို့ ပြောကြားခဲ့ပါတယ်။ လာလီဂါသာ ဘာစီလိုနာအသင်းရဲ့အစီရင်ခံစာကို အတည်ပြုခဲ့မယ်ဆိုရင် ကတ္တလန်ကလပ်အသင်းမှာ ဂျိုအန်ဂါစီယာကို ကစားသမားမှတ်ပုံတင်စာရင်းသွင်းနိုင်ဖို့ တာစတီဂန်ရဲ့လစာ ၈၀ ရာခိုင်နှုန်းအထိ လျှော့ချခွင့် ရရှိသွားပါလိမ့်မယ်။