The network connection is lost.

Banner Image

လှပတဲ့နေ့ရက်တွေ ရှိခဲ့ဖူးပေမယ့် ဘာစီလိုနာဆီ ပြန်သွားမှာမဟုတ်ဘူးလို့ အပြတ်ပြောလိုက်တဲ့ ပက်ဂွါဒီယိုလာ

ပက်ဂွါဒီယိုလာက ဘာစီလိုနာမှာ သူ့အတွက်နေ့ရက်တွေ ကုန်ဆုံးသွားပြီလို့ လေးလေးနက်နက်ထုတ်ပြောရင်း ကတ္တလန်ဒေသခံကလပ်အသင်းဆီ ပြန်သွားမယ့်နိုင်မယ့် အလားအလာတွေကို ပိတ်ပင်ခဲ့ပါတယ်။ ဘာစီလိုနာလူငယ်အကယ်ဒမီမှထွက်ပေါ်လာတဲ့ ပက်ဂွါဒီယိုလာက စီနီယာအသင်းအတွက် ၃၈၂ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး အမှတ်ပေးချန်ပီယံဆုခြောက်ကြိမ်၊ ဥရောပချန်ပီယံဆုတစ်ကြိမ် ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာလည်း သူက ကမ္ဘာ့ဘောလုံးနည်းပြအသိုင်းအဝိုင်းဆီ ငယ်ဘဝကလပ်အသင်းနဲ့အတူ ဆက်လက်ဝင်ရောက်ခဲ့ပါတယ်။

ပက်ဂွါဒီယိုလာက ၂၀၀၈ ခုနှစ်မှာ ဘာစီလိုနာအသင်းကြီးရဲ့နည်းပြ ဖြစ်လာခဲ့ပြီး မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာတို့လို ကစားသမားတွေနဲ့အတူ သြဇာကြီးမားလွန်းလှတဲ့ တီကီတာကာခေတ်တစ်ခုကို တည်ထောင်ကာ လာလီဂါချန်ပီယံဆုသုံးကြိမ်နဲ့ ဥရောပချန်ပီယံလိဂ်အောင်မြင်မှုနှစ်ကြိမ် ရယူခဲ့ပါတယ်။ ဒီကာလတွေအတွင်း သူက ၂၄၇ ပွဲအထိ ကိုင်တွယ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ကလပ်အသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။

အဲ့ဒီအချိန်ကတည်းက နှစ်ဖက်ပြန်လည်လက်တွဲမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမယ့် လက်ရှိမန်စီးတီးနည်းပြကတော့ ဘာစီလိုနာနဲ့ နောက်တစ်ကြိမ်လက်တွဲဖို့ အစီအစဉ်မရှိပါဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ GQ သတင်းဌာနနဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ ဒါ ပြီးဆုံးသွားပါပြီ။ ထာဝရပြီးဆုံးသွားပါပြီ။ အရမ်းလှပခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ အရာအားလုံး ပြီးဆုံးသွားပါပြီ”လို့ ပြောပါတယ်။ နူးကမ့်ရဲ့ဥက္ကဋ္ဌနေရာအတွက် ယှဉ်ပြိုင်သွားမလားဆိုတဲ့ မေးခွန်းကို သူက “ No….. ကျွန်တော် အဲ့ဒီအပိုင်းမှာ မကျွမ်းကျင်လှပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ပက်ဂွါဒီယိုလာက ဆုဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအပြီး ပြန်လည်တည်ဆောက်နေတဲ့ မန်စီးတီးအသင်းအပေါ် အာရုံစူးစိုက်မှုအပြည့်ထားရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျရှုံးမှုတွေနဲ့ပတ်သက်ပြီး အသက်-၅၄ နှစ်အရွယ်နည်းပြက “ ကြည့်လိုက်ပါ၊ အားကစားနဲ့ပတ်သက်တဲ့ အရာတစ်ခုကတော့ ကိုယ်ပါဝင်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲတိုင်းမှာ အမြဲတမ်းအနိုင်မရရှိဘူးဆိုတာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာ ခင်ဗျားတို့ သိကြလား? ဘာကြောင့်လဲဆိုတော့ မဖြစ်နိုင်လို့ပါ။ လုံး၀ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အခိုက်အတန့်အချို့မှာတော့ ရှုံးနိမ့်နိုင်ပါတယ်။ မှန်ပါတယ်၊ ဒါက အားကစားရဲ့အစိတ်အပိုင်းတစ်ခုပါ။

မိုက်ကယ်ဂျော်ဒန်ဆိုတာ ခမ်းနားကြီးကျယ်လှတဲ့ အားကစားသမားတစ်ဦးပါ။ သူ့ရဲ့၁၅ နှစ်တာကာလမှာ ဆုဖလားခြောက်ကြိမ် ရရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ့မှာ နိုင်ပွဲထက် ရှုံးပွဲတွေ ပိုများပါတယ်။ တိုက်ဂါးဝုဒ်ဆိုတာလည်း  ခမ်းနားကြီးကျယ်လွန်းသူ ဖြစ်ပါတယ်။ သူလည်း ဂရင်းဆလင်းချန်ပီယံဆု ၁၄ ကြိမ် ရရှိခဲ့ပါတယ်။ သူ့ဘဝတလျှောက်လုံး ပွဲဘယ်လောက်များများကစားခဲ့ရသလဲ? ၁၀၀ ကျော် ကစားခဲ့ပါတယ်။ သူ့မှာ နိုင်ပွဲထက် ရှုံးပွဲတွေ ပိုများပါတယ်။ အားကစားမှာ အနိုင်ရရှိမှုထက် ရှုံးနိမ့်မှုက ပိုများပါတယ်။ ကျွန်တော်ဆိုရင်လည်း ဘောလုံးရာသီ ၁၆ ခုကို ဖြတ်သန်းခဲ့ဖူးပြီး ၁၃ ကြိမ် ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်လည်း အချို့အခိုက်အတန့်တွေမှာ ရှုံးနိမ့်ဖူးပါတယ်။ ဒါပေမယ့် ဒီမှတ်တမ်းပိုင်းအရ သိပ်ပြီးဆိုးရွားနေတာမျိုး မဟုတ်ပါဘူး”လို့ ပြောပါတယ်။

လတ်တလောမှာ ပက်ဂွါဒီယိုလာရဲ့အသင်းက သြဂုတ် ၁၆ ရက်၊ ဝုဗ်နဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မတိုင်ခင် လာမယ့်လအတွင်း မိတ်ဖက်ညီအစ်မကလပ်အသင်းဖြစ်တဲ့ ပါလာမိုနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားသွားပါမယ်။