
ဘိုင်ယန်မြူးနစ်အတွက် ပွဲဦးထွက်မှာ ခြေစွမ်းပြခဲ့တဲ့ လူဝစ်ဒီယက်ဇ်ကို ကွန်ပနီ ချီးကျူး
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကစားသမားသစ် လူဝစ်ဒီယက်ဇ်ဟာ အသင်းအတွက် ပထမဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြသခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ပွဲစဉ်မှာ ၄၅ မိနစ်သာကစားခဲ့ရပေမဲ့ ပင်နယ်တီရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီယက်ဇ်ရဲ့ ကန်သွင်းချက်တွေကို လိုင်ယွန်ဂိုးသမား ရီမီဒက်ချမ်းက သုံးကြိမ်တိုင်တိုင် ကာကွယ်ခဲ့ပေမဲ့ ကိုလံဘီယာသားက ကစားခွင့်ရတဲ့အချိန်အတွင်း စွမ်းဆောင်ရည်ကောင်းနဲ့ ဖန်တီးမှုစွမ်းရည်တွေကို ပြသခဲ့ပါတယ်။
နည်းပြ ဗင်းဆင့်ကွန်ပနီက ဒီပွဲမတိုင်ခင် အသင်းနဲ့အတူ လေ့ကျင့်ခန်းတစ်ကြိမ်သာဆင်းရသေးပေမဲ့ ခြေစွမ်းပြခဲ့တဲ့ ဒီယက်ဇ်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပါတယ်။ ကွန်ပနီက"သူ့ရဲ့စွမ်းရည်နဲ့ အရည်အသွေးတွေကို လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်တို့မြင်တွေ့ခဲ့ရပြီးပါပြီ။ သူဒီမှာရှိနေတာကို ကျွန်တော်တို့ဝမ်းသာပါတယ်၊ သူဘာတွေလုပ်ပေးနိုင်မလဲဆိုတာကိုလည်း မျှော်လင့်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဒီယက်ဇ်ဟာ အိုလီဆီ၊ ဂနာဘရီနဲ့ ဂျိုနာ ကူစီ-အာဆာရီတို့အပါအဝင် အသင်းဖော်တွေနဲ့ ကစားပုံကလည်း အဆင်ပြေချောမွေ့ခဲ့တာကြောင့် အသင်းရဲ့တိုက်စစ်ပုံစံမှာ လျင်မြန်စွာ ပေါင်းစပ်နိုင်စွမ်းကို ပြသခဲ့ပါတယ်။