The network connection is lost.

Banner Image

ဂါနာချို၊ ဆန်ချိုနဲ့ အန်တိုနီတို့ကို အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းခိုင်းမှာမဟုတ်ကြောင်း အာမိုရင်ပြော

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယခုနွေရာသီအတွင်း အသင်းမှရောင်းချဖို့ စီစဉ်ထားတဲ့ အလီဂျန်ဒရိုဂါနာချို၊ ဂျေဒန်ဆန်ချို၊ အန်တိုနီနဲ့ တိုင်ရဲလ်မာလာစီယာတို့ကို အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ထည့်သွင်းသွားမှာမဟုတ်ဘဲ သီးသန့်လေ့ကျင့်ရေးဆင်းသွားရမယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

အဆိုပါကစားသမား ၄ ဦးအနေနဲ့ ကာရင်တန်မှာပဲ လေ့ကျင့်ရေးဆင်းသွားရမှာဖြစ်ပေမယ့် အခြားကစားသမားတွေနဲ့တော့ လေ့ကျင့်ရေးအစီအစဉ်တွေ အတူတူလုပ်ခွင့်ရမှာမဟုတ်ဘဲ သီးခြားလုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ယူနိုက်တက်အတွင်းသတင်းတွေအရတော့ ကစားသမား ၄ ယောက်ဟာ လူငယ်အသင်းတွေနဲ့ သွားရောက်ပူးပေါင်းပြီး လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်သွားရမယ်လို့သိရပါတယ်။ 

The Sun သတင်းဌာနရဲ့ထုတ်ပြန်ချက်အရ “အန်တိုနီ၊ ဆန်ချို၊ ဂါနာချိုနဲ့ မာလာစီယာတို့က အတူတူလေ့ကျင့်ရေးဆင်းသွားရမှာဖြစ်ပေမယ့် ပထမအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေနဲ့ အချိန်မတူပါဘူး။ ပထမအသင်းက မနက်ခင်းပိုင်းမှာလေ့ကျင့်ရေးဆင်းပြီး သူတို့ ၄ ယောက်ကတော့ နေ့လယ်ခင်းမှာ လေ့ကျင့်ရေးဆင်းသွားရမှာပါ” လို့ဖော်ပြထားပါတယ်။ 

ယခုနွေရာသီအတွင်းယူနိုက်တက်မှ ထွက်ခွာမယ်လို့သတင်းကြီးနေတဲ့ ဂါနာချိုကို အီတလီစီးရီးအေထိပ်သီးကလပ် နာပိုလီက ပေါင် ၄၅ သန်းနဲ့ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ သို့သော်လည်း ယူနိုက်တက်ဘက်ကတော့ အာဂျင်တီးနားသားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၇၀ နဲ့အထက် အလိုရှိနေတာကြောင့် သဘောတူညီမှုရရှိဖို့ အတော်လေးခက်ခဲနိုင်ပါတယ်။ 

အန်တိုနီအနေနဲ့လည်း ယူနိုက်တက်နဲ့လမ်းခွဲဖို့က သေချာသလောက်ဖြစ်နေပေမယ့် အခုချိန်အထိတော့ အသင်းသစ်ကိုရှာဖွေနိုင်ခြင်းမရှိပါဘူး။ ဆန်ချိုကတော့ အသင်းဟောင်း ဒေါ့မွန်သို့ပြန်လည်ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတဲ့ မာလာစီယာကတော့ အသင်းရဲ့အနာဂတ်အစီအစဉ်တွေမှာပါဝင်ခြင်းမရှိပေမယ့် အခုချိန်အထိ အသင်းနဲ့လမ်းခွဲဖို့လည်း တစ်စုံတစ်ရာဆွေးနွေးထားခြင်းမရှိသေးပါဘူး။
 
လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ အမေရိကန်မြေမှာ တတိယမြောက်ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် အဲဗာတန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ဖီအိုရင်တီးနားနဲ့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်ခြေစမ်းသွားရပါမယ်။