
မူစီယာလာ ခြေထောက်ကျိုးသွားပြီးနောက် ဒွန်နာရမ်မာရဲ့လုပ်ရပ်ကို နူအာ ပြင်းပြင်းထန်ထန် ဝေဖန်
ဘိုင်ယန်မြူးနစ် ဂိုးသမား မန်နူရယ်နူအာက ပီအက်စ်ဂျီ ဂိုးသမား ဒွန်နာရမ်မာရဲ့ ဂျာမလ် မူစီယာလာအပေါ် ပြုမူခဲ့တဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း ဘိုင်ယန်စတားဟာ ခြေထောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပြီးနောက် လူနာတင်ယာဉ်နဲ့ ခေါ်ထုတ်သွားခဲ့ရပါတယ်။ မူစီယာလာဟာ ဘယ်ဘက် ဘယ်ခြေထောက်ရိုးကျိုးသွားပြီး အရွတ်တွေလည်း ထိခိုက်သွားတဲ့အတွက် လေးလကနေ ငါးလအထိ အနားယူရနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
တံကောက်ကြောဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက် ၃ လအတွင်း ပထမဆုံးအကြိမ် ဝင်ကစားခဲ့တဲ့ မူစီယာလာဟာ ဘေးစည်းအနီးမှာ ဘောလုံးကို လိုက်လုရင်း ဒွန်နာရမ်မာနဲ့ တိုက်မိခဲ့တာပါ။ အနှေးပြန်လည်ပြသတဲ့ ဗီဒီယိုတွေအရ အီတလီဂိုးသမားရဲ့အောက်မှာ မူစီယာလာရဲ့ ဘယ်ခြေချင်းဝတ်က လိမ်ချိုးလိုက်သလိုဖြစ်သွားတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒွန်နာရမ်မာက အခြေအနေပြင်းထန်ကြောင်း သိရှိသွားတဲ့အခါ တုန်လှုပ်သွားပြီး မျက်ရည်ကျလုနီးပါးဖြစ်နေပေမဲ့ နူအာကတော့ အဆိုပါဖျက်ထုတ်မှုနဲ့ ဒွန်နာရမ်မာရဲ့ တုံ့ပြန်မှုအပေါ်မှာပါ လုံး၀သဘောမကျကြောင်း ပြောခဲ့ပါတယ်။
နူအာက"အဲဒီလိုဝင်စရာမလိုတဲ့ အခြေအနေမျိုးပါ။ အဲဒါက ရမ်းကားတာပဲ။ သူက ပြိုင်ဘက်ကို ဒဏ်ရာရအောင်လုပ်မယ့်အန္တရာယ်ကို လက်ခံလိုက်တာပဲ။ ကျွန်တော်က သူ့ဆီကိုသွားပြီး 'မင်းက ငါတို့ကစားသမားဆီကို သွားကြည့်ချင်တာ မဟုတ်ဘူးလား' လို့ ပြောလိုက်ပါတယ်။ သူနဲ့သွားတွေ့ပြီး အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးတာက လေးစားမှုတစ်မျိုးပါပဲ။ သူက အဲဒီနောက်မှ သွားတွေ့တာပါ။ တရားမျှတမှုက အမြဲတမ်းအရေးကြီးပါတယ်။ ကျွန်တော်ဆိုရင် မတူကွဲပြားတဲ့နည်းလမ်းနဲ့ တုံ့ပြန်မိမှာ" လို့ ပြောကြားခဲ့ပါတယ်။
မူစီယာလာဟာ ဘိုင်ယန်မြူးနစ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး နောက်ရာသီမှာ နာမည်ကျော် နံပါတ် ၁၀ ဂျာစီကို ဆက်ခံဖို့ ပြင်ဆင်နေတာကြောင့် ဒီဒဏ်ရာက ဘိုင်ယန်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။