
ဂယ်ရီလိုင်ကာနောက်ပိုင်း ဘာစီလိုနာရဲ့ ပထမဆုံးအင်္ဂလိပ်ကစားသမားဖြစ်လာတဲ့ ရက်ရှ်ဖို့ဒ်
ဘာစီလိုနာဟာ မန်ချက်စတာယူနိုက်တက်တောင်ပံကြယ်ပွင့် မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အငှားစာချုပ်နဲ့ခေါ်ယူလိုက်ကြောင်း တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်လက်ရွေးစင်ဟောင်း ဂယ်ရီလိုင်ကာနောက်ပိုင်း ဘာစီလိုနာနဲ့ ပထမဆုံး အင်္ဂလိပ်လူမျိုးကစားသမားအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။
ဂယ်ရီလိုင်ကာဟာ လွန်ခဲ့တဲ့ ၃၆ နှစ်အကြာ ၁၉၈၉ ခုနှစ်မှာ ဘာစီလိုနာနဲ့လမ်းခွဲခဲ့သူဖြစ်ပါတယ်။ နည်းပြရူဘင်အာမိုရင်ရဲ့လက်အောက် ယူနိုက်တက်မှာ နေရာမရတဲ့ရက်ရှ်ဖို့ဒ်အနေနဲ့ ဘာစီလိုနာမှာလည်း နေရာအတွက် ဆက်လက်တိုက်ပွဲဝင်သွားရနိုင်ချေရှိပါတယ်။ ဘာစီလိုနာရဲ့ အငှားစာချုပ်ထဲမှာ ကစားသမားကို အပြီးသတ်ခေါ်ယူခွင့်ပါ ထည့်သွင်းထားတာကြောင့် ရက်ရှ်ဖို့ဒ်အနေနဲ့ ၂၀၂၅-၂၆ ရာသီကုန်မှာ ဘာစီလိုနာရဲ့ကစားသမားအဖြစ် စပိန်မြေမှာ ဆက်လက်နေထိုင်သွားရမှာဖြစ်ပါတယ်။
ဘာစီလိုနာသို့ပြောင်းရွှေ့နိုင်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ရက်ရှ်ဖို့ဒ်က "အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ဒီအသင်းက လူတွေရဲ့အိပ်မက်ကို အကောင်အထည်ဖော်ပေးနေတဲ့အသင်းပါ။အကြီးမားဆုံးသောအောင်မြင်မှုတွေ ဆွတ်ခူးထားပါတယ်။ ဒီအသင်းက ကျွန်တော့်ဘက်ကနေ ရပ်တည်ပေးတာကြောင့် အိမ်ကိုပြန်ရောက်နေသလို ခံစားရပါတယ်။ ဒီကိုလာခဲ့တာ ကျွန်တော့်ဘဝရဲ့ ကြီးမားတဲ့ရွေးချယ်မှုတစ်ခုပါပဲ။ ဘာစီလိုနာက မိသားစုဆန်တဲ့ ဘောလုံးအသင်းဖြစ်ပြီး ကစားသမားတွေအတွက် သက်တောင့်သက်သာဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၆၂ ပွဲအထိ ပါဝင်ကစားခွင့်ရထားတဲ့ရက်ရှ်ဖို့ဒ်အနေနဲ့ ဘာစီလိုနာမှာ သူ့ရဲ့ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းပြီး သောမတ်စ်တူချယ်လ်ရဲ့အသင်းမှာ ဆက်လက်ပါဝင်နိုင်ဖို့ ကြိုးစားသွားရပါမယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ခွင့်မရခဲ့ပေမယ့် ယခုအခါမှာ အင်္ဂလန်အသင်းအတွက် ပြန်လည်ရွေးချယ်ခံထားရပြီး အယ်လ်ဘေးနီးယား၊ လတ်ဗီယာတို့နဲ့ပွဲစဉ်တွေမှာ ပါဝင်ကစားခွင့်ရထားပါတယ်။
လာမယ့် ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ ဘာစီလိုနာဟာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ဗစ်ဆဲလ်ကိုဘီနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်တစ်ယောက် အဆိုပါပွဲစဉ်မှာ ပထမဆုံးပွဲဦးထွက်ကို စတင်ပါဝင်သွားနိုင်ဖွယ်ရှိပါတယ်။