The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားကို "အမြင်သစ်" နဲ့ ချဉ်းကပ်နေတယ်လို့ မက်ဆီပြော

ဘာစီလိုနာနဲ့တုန်းက သုံးကြိမ်တိုင်တိုင် ကလပ်ကမ္ဘာ့ဖလား ရခဲ့ပေမဲ့ အခု ကလပ်ကမ္ဘာ့ဖလား ၂၀၂၅ ကိုတော့ "မတူညီတဲ့ အမြင်" တစ်ခုနဲ့ ချဉ်းကပ်နေတယ် လို့ လီယွန်နယ်မက်ဆီက ဝန်ခံလိုက်ပါတယ်။ ဒါပေမဲ့ မနက်ဖြန်မနက် Hard Rock ကွင်းမှာ စတင်မယ့် ကလပ်ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာ အင်တာမီယာမီအသင်းကို ဦးဆောင်ဖို့ ပြင်ဆင်နေတဲ့ ဒီစူပါစတား ကစားသမားကတော့ "အားအပြည့်နဲ့ မျှော်လင့်ချက်တွေ အပြည့်" ရှိနေဆဲပဲ လို့ ပြောပါတယ်။

အင်တာမီယာမီက သူတို့ရဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်တွေကို တနင်္ဂနွေနေ့မှာ အီဂျစ်ချန်ပီယံ အယ်လ်အာလီနဲ့ စတင်မှာပါ။ အင်တာမီယာမီဟာ အုပ်စု A မှာ အယ်လ်အာလီ၊ ဘရာဇီးလ်က အင်အားကြီးအသင်း ပါမီးရက်စ်၊ ပေါ်တူဂီအသင်း ပေါ်တို တို့နဲ့ အတူ ပါဝင်နေတာမို့ သူတို့ရဲ့ အဖွင့်ပွဲစဉ်က ပြိုင်ပွဲအတွက် အရေးကြီးတယ် လို့ ပြောလို့ရပါတယ်။ အုပ်စုအဖွင့်ပွဲမတိုင်ခင် မက်ဆီက "ဒါက လှပတဲ့ ပြိုင်ပွဲတစ်ခုပါပဲ။ ဒီမှာ ရှိနေရတာ၊ ကစားရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော် တခြားအသင်းတွေနဲ့ ကစားခဲ့တုန်းကနဲ့တော့ မတူတဲ့ အမြင်တစ်ခုနဲ့ပါ။ ဒါတောင်မှ ကျွန်တော်က အားအပြည့်နဲ့ မျှော်လင့်ချက်တွေ အပြည့်ရှိနေတုန်းပဲ။ အကောင်းဆုံး အသင်းတွေနဲ့ ယှဉ်ပြိုင်ပြီး ကောင်းကောင်း ကစားဖို့ မျှော်လင့်နေပါတယ်" လို့ ပြောခဲ့ပါတယ်။

အာဂျင်တီးနား စူပါစတားက ဒီနှစ်ပြိုင်ပွဲရဲ့ အရေးပါမှုကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။ ဒီပြိုင်ပွဲက ပထမဆုံးအကြိမ်အဖြစ် အမေရိကန်မှာ ကျင်းပပြီး အုပ်စုပွဲစဉ်တွေနဲ့ ရှုံးထွက်ပွဲစဉ်တွေပါတဲ့ ပုံစံအသစ်နဲ့ အသင်း ၃၂ သင်း ပါဝင်တာပါ။ "ဒါက တောင်အမေရိက အသင်းတွေနဲ့ ကမ္ဘာတစ်ဝန်းက ကလပ်အသင်းတွေအတွက် ဥရောပ အင်အားကြီးအသင်းတွေ၊ ကမ္ဘာ့အဆင့်မီတဲ့ အဲဒီကလပ်ကြီးတွေနဲ့ အကောင်းဆုံး ကစားသမားတွေရှိတဲ့ အသင်းတွေကို ရင်ဆိုင်ရဖို့ ကောင်းတဲ့ အခွင့်အရေးတစ်ခုပါ။ ကစားသမားတွေအတွက်ရော၊ ပရိသတ်တွေအတွက်ပါ အထူးခြားဆုံး အတွေ့အကြုံ ဖြစ်လိမ့်မယ်" လို့လည်း မက်ဆီက ပြောခဲ့ပါတယ်။