The network connection is lost.

Banner Image

ယူနိုက်တက်ပစ်မှတ်ကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်နေတဲ့ နယူးကာဆယ်

အပိုဆုကြေးတွေအပါအဝင် ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းခဲ့ပြီးနောက် နယူးကာဆယ်ဟာ လိုက်ပ်ဇစ်စတား ဆက်စ်ကိုကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်နေတယ်လို့ သိရပါတယ်။
သတင်းတွေအရ နယူးကာဆယ်ဟာ ဆက်စ်ကိုကိုခေါ်ယူနိုင်ဖို့ ယူနိုက်တက်ထက် နှာတစ်ဖျားသာနေတယ်လို့ ဖော်ပြနေကြပါတယ်။ သတင်းတော်တော်များများကလည်း နယူးကာဆယ်ဟာ လိုက်ပ်ဇစ်ထံ ပေါင်သန်း ၇၀ နဲ့ တရားဝင်ကမ်းလှမ်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

အီဆက်ကို လီဗာပူးအသင်းက ချိတ်ဆက်နေချိန်မှာ နယူးကာဆယ်ဘက်က အလျင်အမြန်အစားထိုးနိုင်ဖို့ လှုပ်ရှားလာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဆက်စ်ကိုကိုခေါ်ယူနိုင်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် အဆင်မပြေသေးပဲ ကစားသမားရဲ့အခြေအနေကလည်း မရှင်းလင်းသေးဘူးလို့ သိရပါတယ်။ ဆလိုဗေးနီးယားမီဒီယာတွေကတော့ ဆက်စ်ကိုဟာ ယူနိုက်တက်ထက် ဟိုဝီရဲ့နယူးကာဆယ်ကိုပြောင်းဖို့ အားသန်နေတယ်လို့ ဖော်ပြနေကြပါတယ်။ ယူနိုက်တက်မှာ ဟွိုက်လန်း နဲ့ ဇီကာဇီးတို့ရှိနေတာဖြစ်ပြီး နောက်ထပ်တိုက်စစ်မှူးတစ်ဦးထပ်မံခေါ်ယူချင်နေတာဖြစ်ပါတယ်။

အီဆက်က လီဗာပူးထံပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကာ နယူးကာဆယ် နဲ့ ယူနိုက်တက်တို့အတွက် ဈေးကွက်ထဲမှာ ထိပ်တန်းတိုက်စစ်မှူးအဖြစ် ဆက်စ်ကိုသာ ကျန်တော့တာဖြစ်ပါတယ်။ ဆက်စ်ကိုကို ယခင်တုန်းက အာဆင်နယ်က ချိတ်ဆက်ခဲ့ပေမယ့် အဆုံးသတ်မှာ အာဆင်နယ်ဟာ စပို့တင်းစတား ယိုကရက်စ်ကိုသာ ခေါ်ယူခဲ့ပါတယ်။ ဆလိုဗေးနီးယားမီဒီယာတွေက ဖော်ပြနေကြပေမယ့် ကစားသမားရဲ့အခြေအနေဟာ ဘယ်အသင်းကိုပြောင်းမလဲဆိုတာ မရှင်းလင်းသေးတာဖြစ်ပါတယ်။

တော့တင်ဟမ်နဲ့ ရာသီကြိုခရီးစဉ်မတိုင်ခင် ဟိုဝီက “ကျွန်တော် ဘာတွေဖြစ်နေလဲဆိုတာ သတိထားမိပါတယ်။ ကျွန်တော်အဲ့ကိစ္စတွေမှာမပါပါဘူး။ ဒီနေ့မှာ ကျွန်တော်နိုးလာပြီး လေ့ကျင့်ခန်း ၂ ကြိမ်လုပ်ပြီးနောက် ပြန်လာခဲ့တာပါ။ တစ်ခုခုဖြစ်ပြီးရင်တော့ ကျွန်တော်ရှာဖွေသွားမှာပါ။ ကျွန်တော်တို့အသင်းအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ကျွန်တော် တစ်ဦးချင်းပစ်မှတ်တွေအကြောင်း မပြောချင်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။

နယူးကာဆယ်ဟာ ဆက်စ်ကိုအပြင် ဗီလာစတား ဝက်တ်ကင်းကိုလည်း ချိတ်ဆက်နေပါတယ်။ နယူးကာဆယ်အနေနဲ့ ဆက်စ်ကိုကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဝက်တ်ကင်းကို လက်လွှတ်ဖွယ်ရှိနေပါတယ်။ ဝက်တ်ကင်းက ပရီးမီးယားလိဂ်မှာ အထိုင်ကျပြီးသားဖြစ်သလို ဈေးပေါတာကြောင့် ရွေးချယ်စရာအဖြစ်တော့ ရှိနေဆဲဖြစ်ပါတယ်။ အပြောင်းအရွှေ့မပိတ်ခင်မှာ ဆက်စ်ကိုသတင်းက ထူးခြားလာနိုင်ပြီး ကစားသမားဘက်က ဘောလုံးကစားဖို့ပဲ အာရုံစိုက်ထားတာဖြစ်ပါတယ်။