
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာပြီးနောက် ယာဂန်ကလော့ပ်ထံမှ ရရှိခဲ့တဲ့ သတင်းစကားကို ဖွင့်ဟပြောပြလာတဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာပြီးနောက် ယာဂန်ကလော့ပ်ထံမှ ဂုဏ်ပြုချီးကျူးမှုကို ရရှိခဲ့တယ်လို့ ထုတ်ပြောလာပါတယ်။ လီဗာပူးက လွန်ခဲ့တဲ့သီတင်းပတ်မှာ တော့တင်ဟမ်ကို ဂိုးပြတ်အနိုင်ယူပြီးနောက် သူတို့အသင်းရဲ့အကြိမ် ၂၀ မြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုကို သိမ်းပိုက်ခဲ့ပါတယ်။ ကြိုးကြာနီတွေက အစောပိုင်းမှာ ချဲလ်ဆီးအသင်းရဲ့ ဖိအားပေးမှု၊ ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ရာသီတလျှောက်လုံးလိုက်လံဖိအားပေးမှုတွေကို ကြံ့ကြံ့ခံပြီး အမှတ်ပေးချန်ပီယံပြေးလမ်းကို လွှမ်းမိုးထားခဲ့ပါတယ်။ ဒါကြောင့် သူတို့တွေက ရာသီကုန်ဖို့ လေးပွဲအလိုမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။
အန်းစလော့ကိုယ်တိုင်လည်း အဲလက်စ်ဖာဂူဆန်၊ ဟိုဆေးမော်ရင်ဟို၊ ကာလိုအန်ဆယ်လော့တီ၊ မန်နျူရယ်ပယ်လီဂရီနီ၊ ကလော်ဒီယိုရာနီယာရီ၊ အန်တိုနီယိုကွန်တီတို့လို နာမည်ကျော်တွေသာ ပါဝင်တဲ့ ပရီးမီးယားလိဂ်အဖွင့်ရာသီမှာပဲ ဗိုလ်စွဲနိုင်တဲ့ နည်းပြစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒတ်ချ်လူမျိုးနည်းပြက အောင်မြင်မှုဆွတ်ခူးနိုင်ပြီးနောက် သူ့ဆီ ဂုဏ်ပြုသတင်းစကားပေးပို့လာတဲ့ အကျော်ကြားဆုံးလူပုဂ္ဂိုလ်ဟာ ယာဂန်ကလော့ပ်သာဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။
သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် အန်းစလော့က “ ဂုဏ်ပြုပေးသူတွေအနက် အကျော်ကြားဆုံးပုဂ္ဂိုလ် ဘယ်သူဖြစ်မလဲ? ကျွန်တော်ကိုယ်တိုင်ကတော့ ယာဂန်ကလော့ပဲဖြစ်မယ်လို့ ယူဆတယ်။ သူဘာပြောဖို့လိုအပ်ခဲ့သလဲ? အများစုပြောခဲ့သလို ဂုဏ်ပြုစကားတွေပါပဲ။ ပြီးတော့ သူက ဒီကလပ်အသင်းဟာ ဘယ်လောက်အထိထူးရှယ်ဖြစ်သလဲဆိုတာနဲ့ ဒီအသင်းရဲ့သမိုင်းမှာ ကျွန်တော့်ကို တစိတ်တပိုင်းအားဖြင့် ပါဝင်သွားပြီလို့ ပြောပါတယ်။ အဲ့ဒီလိုမျိုးတွေ ပြောပါတယ်။
သူကိုယ်တိုင်လည်း ကျွန်တော့်အတွက်ရော၊ ကစားသမားတွေအတွက်ရော၊ ပရိသတ်တွေအတွက်ရော၊ အသင်းဝန်ထမ်းတွေအတွက်ပါ ကျွန်တော်တို့အားလုံးသိထားတဲ့ယာဂန်ကလော့ပ်လိုမျိုး ပျော်ရွှင်ကြည်နူးနေခဲ့ပါတယ်။ အနည်းအကျဉ်းလောက်တော့ ကျွန်တော် မေ့နေနိုင်ပေမယ့် ဂုဏ်ပြုပေးသူတွေအနက် အကျော်ကြားဆုံးပုဂ္ဂိုလ်ဟာ ယာဂန်ကလော့ပ်ဖြစ်မယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးပြီးနောက် အခြားယှဉ်ပြိုင်စရာဆုဖလားပြိုင်ပွဲတွေ မရှိတော့တဲ့ လီဗာပူးအသင်းက ဘောလုံးရာသီကို အလှပဆုံးပိတ်သိမ်းသွားနိုင်ခဲ့ပါတယ်။ အခုတော့ အန်းစလော့အတွက် လာမယ့်ဘောလုံးရာသီမတိုင်ခင် ပြင်ဆင်မှုတွေပြုလုပ်ဖို့ အချိန်လုံလုံလောက်လောက် ရရှိသွားပါပြီ။