
ဘောလုံးလောကထဲပြန်လည်ဝင်ရောက်ဖို့ မိုနာကိုနဲ့ ချိတ်ဆက်နေပြီဖြစ်တဲ့ ပေါ့ဂ်ဘာ
မန်ချက်စတာယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်ကွင်းလယ်လူဟောင်း ပေါလ်ပေါ့ဂ်ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ဘောလုံးကစားခွင့် ကာလရှည်ပိတ်ပင်ခံခဲ့ရပေမယ့် ယခုအခါမှာတော့ ပြစ်ဒဏ်ကာလပြီးဆုံးခဲ့ပြီဖြစ်လို့ ဘောလုံးလောကသို့ပြန်လည်ဝင်ရောက်ရန် ပြင်သစ်လီဂူးကလပ်မိုနာကိုနဲ့ ချိတ်ဆက်မှုတွေပြုလုပ်နေပြီလို့ သိရပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကိုဆွတ်ခူးနိုင်ခဲ့တဲ့ အသက်-၃၂ နှစ်အရွယ်ကစားသူမားဟာ သူ့ရဲ့မွေးရပ်မြေ ပြင်သစ်နိုင်ငံမှာ ဘောလုံးပြန်ကစားဖို့ ဆုံးဖြတ်ထားပုံရပါတယ်။ BBC Sport သတင်းဌာနရဲ့အဆိုအရ စွယ်စုံရကွင်းလယ်လူဟာ မိုနာကိုနဲ့ ၂ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို စတင်ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။
ဘောလုံးကစားခွင့် ပိတ်ပင်ခြင်းမှ လွတ်မြောက်ခဲ့ပြီးနောက် ပေါ့ဂ်ဘာဟာ တစ်ကိုယ်တော်လေ့ကျင့်ရေးတွေပြုလုပ်နေခဲ့တာဖြစ်ပြီး မိုနာကိုနဲ့ချိတ်ဆက်ဖို့ ရက်သတ္တပတ်များစွာ ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ ၂၀၂၃-၂၄ ရာသီအစမှာကတည်းက တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ရှိခဲ့တာကြောင့် ဘောလုံးကစားခွင့်မှ ၄ နှစ်ကြာပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာတော့ အယူခံဝင်ပြီးနောက် ပြစ်ဒဏ်ကို ၁၈ လအထိ လျှော့ချခံခဲ့ရပါတယ်။
ဂျူဗင်တပ်စ်နဲ့ချုပ်ဆိုထားတဲ့ သူ့ရဲ့စာချုပ်ကိုတော့ ပြင်သစ်သားဟာ နှစ်ဦးနှစ်ဖက်သဘောတူညီချက်နဲ့ ဖျက်သိမ်းခဲ့ပြီး အသင်းသစ်ရှာဖို့သာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဘောလုံးကစားခွင့်ကာလရှည်ပိတ်ပင်ခံခဲ့ရပေမယ့် ပေါ့ဂ်ဘာဟာ ဘောလုံးကစားဖို့စိတ်အားထက်သန်နေဆဲဖြစ်လို့ အခုလို ပြန်လည်ဝင်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ကွင်းလယ်လူဟောင်းအနေနဲ့ မိုနာကိုနဲ့အတူ ပြင်သစ်မှာ အရင်ခြေစွမ်းကို ပြန်လည်ပြသသွားနိုင်မလား စောင့်ကြည့်သွားရပါမယ်။