
သူ့လက်ထက်မှာ ယူနိုက်တက်အခြေအနေပိုဆိုးသွားတယ်ဆိုတာ အာမိုရင်ဝန်ခံရမယ်လို့ ရွန်းနီပြော
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ဝိန်းရွန်းနီက အသင်းဟာ နည်းပြရူဘင်အာမိုရင်လက်ထက်မှာ အခြေအနေပိုဆိုးသွားကြောင်းနဲ့ ပေါ်တူဂီသားအနေနဲ့ အမှန်တရားကို လက်ခံပြီး ဝန်ခံသွားရမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညမှာ ယူနိုက်တက်ဟာ မန်စီးတီးကို ၃-၀ နဲ့ရှုံးနိမ့်ပြီး ၁၉၉၂-၉၃ ဘောလုံးရာသီနောက်ပိုင်း အဆိုးဝါးဆုံးရော ရာသီစတင်မှုနဲ့ကြုံတွေ့ထားရပါတယ်။
ယခုအခါမှာတော့ ရွန်းနီက "ကျွန်တော့်အနေနဲ့ ယူနိုက်တက်ကစားသမားတွေနဲ့ နည်းပြကို အားပေးထောက်ခံပြီး အပြုသဘောဆောင်တဲ့အရာတွေပေးချင်ပါတယ်။ ဒါပေမယ့် တစ်နေရာမှာထိုင်ပြီး အသင်းက တိုးတက်လာတယ်လို့ထိုင်ပြောနေဖို့က အရမ်းခက်ပါတယ်။ အနည်းဆုံးတော့ အသင်းက ကောင်းမွန်တဲ့ရလဒ်တွေရလာမယ်လို့တောင် မပြောနိုင်ပါဘူး"
"တိုးတက်လာတာမမြင်ရသလို၊ အနာဂတ်ကိုလည်း မမြင်ရပါဘူး။ ပွဲပြီးကာနီးမှာ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ ထွက်ခွာသွားတာကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။ အာမိုရင်ရဲ့နာမည်ကို သီချင်းလုပ်ဆိုနေကြတဲ့ပရိသတ်တွေရှိပေမယ့် ထပြန်သွားတဲ့ပရိသတ်တွေရှိနေတယ်ဆိုတဲ့အချက်က ပိုပြီးတော့ အားကောင်းနေပါတယ်"
"ပွဲချိန်မပြည့်သေးပေမယ့် ပွဲပြီးသွားပြီဆိုတာ လူတိုင်းသိနေပါတယ်။ ပရိသတ်တွေအနေနဲ့ သူတို့မြင်တွေ့နေရတာတွေကို စိတ်ပျက်နေကြပါပြီ။ ဘယ်လိုဆက်သွားမယ်ဆိုတာတောင် လမ်းပျောက်နေပါပြီ။ ဘယ်လိုကစားကွက်တွေသုံးဦးမှာလဲ။ အသင်းတိုးတက်လာအောင် ဘာတွေလုပ်ပြနိုင်မှာလဲဆိုတာ မေးခွန်းတစ်ခုအနေနဲ့ကျန်ရှိနေတုန်းပါ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အင်္ဂလန်လက်ရွေးစင်ဟောင်းက "ပြီးခဲ့တဲ့နှစ်က တန်ဟက်အထုတ်ခံလိုက်ရပြီး၊ ရူဘင်အာမိုရင်ရောက်လာခဲ့ပါတယ်။ သူ့လက်ထက်မှာ အသင်းက ဘယ်လိုကစားမယ်၊ ဘယ်လိုပြောင်းလဲမှုတွေရှိလာမယ်ဆိုတာ ကြားခဲ့ရပါတယ်။ တကယ်လို့ သူသာရိုးသားမယ်ဆိုရင် အသင်းက သူ့လက်ထက်မှာ ပိုဆိုးသွားတယ်ဆိုတာ ဝန်ခံရပါမယ်" လို့ပြောကြားခဲ့ပါတယ်။