
ထိပ်တန်းတိုက်စစ်မှူးခေါ်ယူမှာမဟုတ်ဘူးလို့ အာမိုရင် ဝန်ခံပြောကြား
ယူနိုက်တက်နည်းပြ အာမိုရင်က အသင်းအနေနဲ့ အခုနွေမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးခေါ်ယူမှာမဟုတ်ဘူးလို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ ထို့အတွက်ကြောင့် အာမိုရင်အနေနဲ့ ဂိုးတွေအတွက် ကန်ဟာ ၊ အမ်ဘွီမိုတို့အပေါ်မှာသာ မီခိုရဖို့များနေပါတယ်။
အခြားတစ်ဖက်မှာလည်း ကစားသမားအသစ်တွေကြောင့် ဟွိုက်လန်း နဲ့ ဇီကာဇီးတို့လည်း ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရဖို့များနေပါတယ်။ ယူနိုက်တက်ဟာ အခုနွေရာသီမှာ ကစားသမားခေါ်ယူမှုနှေးကွေးနေပြီး ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ် ၊ လီဗာပူးတို့က ကစားသမားအများအပြားခေါ်ယူနေကြတာဖြစ်ပါတယ်။
လက်ရှိယူနိုက်တက်အနေနဲ့ ကန်ဟာ နဲ့ အမ်ဘွီမိုတို့ကိုခေါ်ယူထားနိုင်ခဲ့ပေမယ့် ထိပ်တန်းတိုက်စစ်မှူး လိုအပ်နေဆဲဖြစ်ပါတယ်။ အာမိုရင်က အသင်းအနေနဲ့ အခုနွေရာသီမှာ ထိပ်တန်းတိုက်စစ်မှူးခေါ်ယူမှာမဟုတ်ဘူးလို့ ဝန်ခံပြောကြားခဲ့သလို လာမယ့်ရာသီတိုက်စစ်ကို ကန်ဟာ နဲ့ အမ်ဘွီမိုတို့က တာဝန်ယူရဖွယ်ရှိနေပါတယ်။
ပေါ်တူဂီသားနည်းပြကတော့ အသင်းရှိရင်းစွဲတိုက်စစ်မှူးတွေဖြစ်တဲ့ ဟွိုက်လန်း နဲ့ ဇီကာဇီးတို့အနေနဲ့ ပွဲထွက်ခွင့်နဲ့ထိုက်တန်တယ်ဆိုတာကို ပြသရမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
“သူတို့ ၂ ယောက်စလုံးက တိုက်စစ်မှူးအနေနဲ့ ကစားနိုင်ပါတယ်။ ကျွန်တော်တို့မှာ ဇီကာဇီး ၊ ဟွိုက်လန်းတို့ရှိနေပါတယ်။ သူတို့ကြားမှာ ချိတ်ဆက်မှုတိုးတက်လာအောင် အာရုံစိုက်ရပါမယ်။ နေရာတွေကတော့ ကျွန်တော်မသိသေးပါဘူး။ သူတို့ အလုပ်တွဲလုပ်ရမှာပါ။ အခြားကစားသမားတွေလည်း ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရပါမယ်။ ဒါပေမယ့် နောက်တစ်ကြိမ်ပြောရရင် ကျွန်တော် တကယ်ကျေနပ်မိပါတယ်။
သူတို့ (ကန်ဟာ နဲ့ အမ်ဘွီမို) တို့က အရည်အချင်းရှိကြောင်း သက်သေပြထားတဲ့သူတွေပါ။ သူတို့က နှိမ့်ချတတ်ပါတယ်။ အဲ့တာ တကယ်ကို အရေးပါပါတယ်။ သူတို့ဒီအသင်းကို ရွေးချယ်တာက အကောင်းဆုံးအရာပါ။ သူတို့မှာ အခြားရွေးချယ်စရာအသင်းတွေရှိနေပေမယ့် ဒီအသင်းကိုသူတို့ ရွေးချယ်ခဲ့ပါတယ်။ အဲ့တာက ကျွန်တော့်အတွက် အရေးပါပါတယ်”လို့ အသက် ၄၀ အရွယ်နည်းပြက ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ခြေစမ်းပွဲအဖြစ် အမေရိကမြေမှာ ဝက်စ်ဟမ်းနဲ့ ကစားမှာဖြစ်ပါတယ်။