The network connection is lost.

Banner Image

သူ့ရဲ့ကစားကွက်ကို ဘယ်တော့မှပြောင်းလဲမှာမဟုတ်ကြောင်း အာမိုရင်အခိုင်အမာပြော

မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က သူ့အနေနဲ့ လက်ရှိအသင်းမှာအသုံးပြုနေတဲ့ ကစားကွက်ကို ပြောင်းလဲသွားဖို့အစီအစဉ်မရှိကြောင်းနဲ့ ရာထူးမှသာ အထုတ်ခံသွားမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။တနင်္ဂနွေနေ့ညက အီတီဟတ်အားကစားကွင်းကြီးမှာယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာဒါဘီမှာတော့ ယူနိုက်တက်ဟာ မန်စီးတီးကို ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိဘဲ ၃-၀ ဆိုတဲ့ ပြတ်သားတဲ့ရလဒ်နဲ့ အရှက်တကွဲအရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၄ ပွဲကစားပြီးချိန်မှာ ရမှတ် ၄ မှတ်သာစုဆောင်းထားနိုင်ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေကာ နည်းပြအာမိုရင်အပေါ်မှာလည်း ဖိအားတွေ များသထက်များလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလမှာ ယူနိုက်တက်ကို စတင်တာဝန်ယူကိုင်တွယ်ခဲ့တဲ့ အာမိုရင်ဟာ ယခုချိန်အထိ သူ့ရဲ့လက်ထက်မှာ အသင်းကို စုစုပေါင်း ပရီးမီးယားလိဂ်နိုင်ပွဲ ၈ ပွဲသာရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ပေါ်တူဂီသားနည်းပြဟာ သူ့ရဲ့နည်းဗျူဟာတွေကို ပြောင်းလဲသွားမှာမဟုတ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။

အာမိုရင်က "လက်ရှိအသင်းရဲ့မှတ်တမ်းတွေက မန်ချက်စတာယူနိုက်တက်လိုအသင်းမှာရှိသင့်တဲ့မှတ်တမ်းတွေမဟုတ်ပါဘူး။ ကျွန်တော်ဒါကို လက်ခံပေမယ့် ပြောင်းလဲမှုတွေပြုလုပ်မှာမဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ နည်းဗျူဟာကို ပြောင်းလဲချင်ရင်ပြောင်းလဲသွားပါမယ်။ ဒါမှမဟုတ် မပြောင်းလဲဘဲ ဒီအတိုင်းဆက်သွားရင်လည်း ဆက်သွားနေမှာပါ။ ကျွန်တော်တို့ ရှုံးခဲ့တဲ့ပွဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာပါ။ ကျွန်‌တော်ကတော့ ကျွန်တော့်ရဲ့နည်းလမ်းနဲ့ဆက်သွားချင်သလောက် ရှေ့ဆက်သွားနေဦးမှာပါပဲ" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပရိသတ်တွေရဲ့စိတ်ပျက်မှုတွေနဲ့ပတ်သက်လို့ အာမိုရင်က "သူတို့ စိတ်ပျက်ကြမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ရလဒ်တွေအရ ဒါက သာမန်ပါပဲ။ ဒါကို ကျွန်တော်လက်ခံပေမယ့် သူတို့နဲ့ကျွန်တော်နဲ့က အမြင်ချင်းမတူပါဘူး။ ကျွန်တော့်အမြင်မှာတော့ အသင်းရဲ့ကစားပုံက ပိုကောင်းလာပြီး ရလဒ်ပိုင်းမှာ‌တော့ ဒါကို သက်သေမပြသနိုင်သေးပါဘူး။ ပရိသတ်တွေကိုပေးချင်တဲ့မက်ဆေ့ကတော့ ကျွန်တော်အသင်းအတွက် အကောင်းဆုံးဖြစ်ဖို့ ဘာမဆိုလုပ်သွားမယ်ဆိုတာပါပဲ။ ကျွန်တော်လည်း အနိုင်ရချင်တာပါပဲ။ သူတို့ထက်တောင်ပိုပြီးတော့ နိုင်ချင်ပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ မန်စီးတီးအတွက်ဂိုးတွေကို ကွင်းလယ်လူဖီးလ်ဖိုဒန်နဲ့ တိုက်စစ်မှူး အာလင်းဟာလန်းတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပြီး ပွဲအပြီးမှာ နည်းပြပက်ဂွါဒီယိုလာက ကစားသမား ၂ ဦးစလုံးကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။  စပိန်သားနည်းပြက "ဟာလန်းက ဒီရာသီအစမှာကတည်းက ပုံစံကောင်းပြခဲ့ပြီး အခုချိန်မှာတော့ ပိုကောင်းလာပါပြီ။ ပြောရမယ်ဆိုရင် ဖလား ၃ လုံးရခဲ့တဲ့ရာသီကထက်တောင်ပိုကောင်းနေတာပါ။ ကျွန်တော်တို့ သွင်းဂိုးတွေရဖို့ သူ့အကူအညီကို အဓိကလိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဖိုဒန်နဲ့ပတ်သက်ပြီးတော့လည်း ဂွါဒီယိုလာက "ကျွန်တော်တို့သူ့ကို အကြာကြီးလက်လွှတ်ထားခဲ့ရတာပါ။ သူက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားဆုကို ရထားခဲ့သူဆိုတော့ အသင်းအတွက် လိုအပ်တဲ့ကစားသမားဆိုတာ ငြင်းလိုမရပါဘူး။ သူက အလုပ်အပေါ်မှာအရမ်းလေးစားတတ်သူပါ။ အသင်းရဲ့ အဓိက အကျဆုံးကစားသမားလည်းဖြစ်ပါတယ်။ သူ့ကို အခုလိုပြန်သုံးခွင့်ရတာ ဝမ်းသာစရာပါ" လို့ပြောကြားခဲ့ပါတယ်။