The network connection is lost.

Banner Image

အခုရာသီအောင်မြင်မှုကြောင့် ကစားသမားသစ်တွေကို ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်နေတဲ့ အန်းစလော့

ရာသီမကုန်ဆုံးခင် အမှတ်ပေးချန်ပီယံဖြစ်လာခြင်းနဲ့ ကလပ်အသင်းရဲ့အောင်ပွဲခံမှုပုံစံတွေကြောင့် လီဗာပူးနည်းပြအန်းစလော့က အပြောင်းအရွှေ့ဈေးကွက်လိုမျိုး အနာဂတ်ကာလမှာ သူ့အတွက် အကျိုးကျေးဇူးအများကြီးရှိစေမယ်လို့ ယုံကြည်နေပါတယ်။

ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် တနင်္ဂနွေညပိုင်းပွဲစဉ်မတိုင်ခင် သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် အန်းစလော့က စတမ်းဖို့ဒ်ဘရစ်ချ်ခရီးစဉ်အပြီး အာဆင်နယ်၊ ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ပွဲစဉ်တွေမှာ ကစားသမားအချို့အတွက် ပွဲကစားချိန်အခွင့်အရေးတွေ ပေးအပ်ရင်း လူစာရင်းပိုင်းအလှည့်အပြောင်းပြုလုပ်ဖို့ စီမံထားပုံအကြောင်း ရှင်းပြခဲ့ပါတယ်။

“သူတို့တွေ ဘယ်နေရာမှာရှိနေသလဲဆိုတာ မြင်တွေ့ရမယ့် အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ လာမယ့်ဘောလုံးရာသီအတွက် အနည်းငယ်မျှော်ကြည့်လိုက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဒီကစားသမားတွေအကုန်လုံး အခုဘောလုံးရာသီမှာ ပွဲကစားခွင့်ရရှိဖို့ ထိုက်တန်နေလို့ပဲ ဖြစ်ပါတယ်”လို့ ဒတ်ချ်လူမျိုးနည်းပြက ပြောပါတယ်။

ကွင်းလယ်တိုက်စစ်ကစားသမားအီလီယော့နဲ့ တောင်ပံတိုက်စစ်မှူးချီယေဆာတို့က ပွဲကစားချိန် ပိုမိုရရှိဖို့အတွက် မျှော်လင့်နေကြသူတွေ ဖြစ်ပါတယ်။ အန်းစလော့က “ ဒီကစားသမားတွေဟာ သူတို့ရဲ့အရည်အသွေးတွေကို သက်သေပြဖို့လိုအပ်နေသူတွေလို့  ကျွန်တော်မယူဆပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အသင်းအတွက် ကစားပေးဖို့ လုံလောက်တဲ့ကောင်းမွန်မှုမျိုး သူတို့မှာ ရှိနေတယ်ဆိုတာ သူတို့ကိုယ်သူတို့ သက်သေပြသွားဖို့ လိုအပ်မယ်လို့ ကျွန်တော်ထင်ပါတယ်။

သူတို့တွေက ဘယ်လိုကစားသမားမျိုးတွေလဲဆိုတာ ကျွန်တော်သိပြီးသားဖြစ်သလို သူတို့ကိုယ်သူတို့လည်း ဒီအချက်ကို သိပြီးနေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့မှာ သက်သေပြရမယ့်အချက်တစ်ခု ရှိနေသေးတယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် သူတို့လည်း ပွဲကစားချင်မယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။ဆက်လက်ပြီး အန်းစလော့က စာချုပ်သက်တမ်းကုန်ဆုံးဖို့ အတော်လေးနီးကပ်လာပြီဖြစ်တဲ့ အာနိုးလ်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ တစုံတရာထုတ်မပြောခဲ့ပေမယ့် အသင်းရဲ့ဆုဖလားအောင်ပွဲနဲ့ ဒီအောင်ပွဲကြောင့် အပြောင်းအရွှေ့ဈေးကွက်မှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိလာနိုင်မလဲဆိုတာကို သုံးသပ်တင်ပြခဲ့ပါတယ်။

သူက “ ဒါဟာ အမှတ်ပေးချန်ပီယံဆုရရှိခြင်းရဲ့အဓိကအကျိုးကျေးဇူး ဖြစ်ပါတယ်။ အခုအချိန်မတိုင်ခင်အထိ ကျွန်တော်တို့ခေါ်ယူချင်ခဲ့တဲ့ကစားသမားသစ်တွေဆီ ဒီအကြောင်းအရာကို ပြောပြဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းပရိသတ်တွေဆိုတာ ဘယ်လောက်အထိ အသင်းအတွက် ကောင်းမွန်သလဲဆိုတာနဲ့ ဒီကလပ်အသင်းအတွက် ကစားပေးရတာ ဘယ်လောက်အထိ ထူးရှယ်ဖြစ်သလဲဆိုတာကို အမြဲတမ်းလိုလို သူတို့ဆီ ကျွန်တော် ပြောပြခဲ့ပါတယ်။

အရင်တုန်းကတော့ သူတို့ကို ဒါမျိုးပြောပြပေးဖို့ လိုအပ်နေတာမျိုးတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့တနင်္ဂနွေနေ့ပွဲစဉ်အပြီးမှာတော့ မယုံကြည်နိုင်လောက်စရာကောင်းအောင်ဖြစ်ခဲ့လို့ ကျွန်တော်တို့အသင်းပရိသတ်တွေ ဘယ်လောက်အထိကောင်းသလဲဆိုတာ တစုံတဦးဆီ နောက်တစ်ကြိမ် ရှင်းပြရဦးမယ်လို့ မထင်မြင်မိတော့ပါဘူး။ ဒီလိုပရိသတ်တွေရှိနေခြင်းနဲ့ အမှတ်ပေးချန်ပီယံဆုအနိုင်ရရှိခြင်းတွေက ကျွန်တော်တို့ခေါ်ယူချင်တဲ့ကစားသမားတွေကို အကြီးအကျယ်ဆွဲဆောင်ပေးနိုင်ပါတယ်။ ဒါက သေချာပေါက် အသုံးဝင်ပါတယ်”လို့ ဆက်ပြောပါတယ်။