The network connection is lost.

Banner Image

ဟန်စီဖလစ်ခ်ရဲ့နည်းစနစ်ပိုင်းကို အံ့အားသင့်ဖွယ်ဝေဖန်ခဲ့တဲ့ ဘာစီလိုနာကြယ်ပွင့်

ဆက်ဇ်နီက ဘာစီလိုနာအသင်းရဲ့ ပြီးခဲ့တဲ့ရာသီ၊ သမိုင်းဝင်ပြည်တွင်းဆုဖလားသုံးလုံးအောင်ပွဲအတွက် ကူညီပေးနိုင်ခဲ့ပေမယ့် နည်းပြဟန်စီဖလစ်ခ်လက်အောက် တိုက်စစ်အားပြုကစားဟန်ရဲ့ပရိသတ်တစ်ဦးတော့ မဖြစ်လာခဲ့ပါဘူး။ အသက်-၃၅ နှစ်အရွယ်ဝါရင့်ဂိုးသမားက အသင်းကစားပုံကို သူနဲ့ကိုက်ညီမှုမရှိဘူးလို့ အတိအလင်းပြောဆိုလိုက်ပြီး ခံစစ်လိုင်းမြှင့်တင်ထားမှုကြောင့် ကူဘာစီနဲ့ အင်နီဂိုမာတီနက်ဇ်တို့ချန်ထားခဲ့တဲ့ နေရာလွတ်တွေကိုကာကွယ်ပေးနိုင်ရေးအတွက် သူ့ရဲ့အသက်အရွယ်ရနေပြီဖြစ်တဲ့ ခြေထောက်တွေကို အလုပ်တွေအများကြီး ခိုင်းစေရတယ်လို့ ရှင်းပြခဲ့ပါတယ်။

ဆက်ဇ်နီက ဟန်စီဖလစ်ခ်ရဲ့ကစားပုံဒဿနအပေါ် ဝေဖန်ခဲ့ပြီး အသင်းရဲ့ခံစစ်ပိုင်းအခြေအနေကိုလည်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူက ဆုဖလားအောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် အသင်းရဲ့ကစားဟန်ကြောင့် ဂိုးသမားတစ်ဦးအတွက် အခက်အခဲတွေရှိတယ်လို့ အတိအလင်းဝန်ခံလိုက်ပါတယ်။ ဝါရင့်ပိုလန်ဂိုးသမားက နှစ်သင်းပေါင်းသွင်းဂိုး ခုနစ်ဂိုးအထိ ရှိခဲ့တဲ့ အင်တာမီလန်နဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကို ထောက်ပြကာ ပိုမိုဟန်ချက်ညီမယ့်ချဉ်းကပ်မှုမျိုးကို တောင်းဆိုခဲ့ပါတယ်။

ဘာစီလိုနာက ယမန်နှစ်ဘောလုံးရာသီမှာ လာလီဂါ၊ ကိုပါဒယ်လ်ရေးနဲ့ စပိန်စူပါဖလားတို့ကို အနိုင်ရရှိကာ ပြည်တွင်းဆုဖလားသုံးလုံးအောင်ပွဲ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဟန်စီဖလစ်ခ်ရဲ့ပြင်းအားမြင့်နည်းဗျူဟာပိုင်းအောက် သူတို့အသင်းရဲ့ခံစစ်ပိုင်းအားနည်းချက်တွေကို ဥရောပမြေပြင်မှာ မြင်တွေ့ခဲ့ရပါတယ်။ ဆက်ဇ်နီရဲ့မှတ်ချက်တွေကတော့ ဆွဲဆောင်မှုရှိတဲ့ကစားဟန်နဲ့ ဖွဲ့စည်းပုံဆိုင်ရာခိုင်မာမှုတို့အကြား အားပြိုင်မှု ကို မီးမောင်းထိုးပြသသွားခဲ့ပါတယ်။

ပိုလန်ပြည်တွင်းယူကျူ့ချန်နယ်ဖြစ်တဲ့ ‘Foot Truck’ နဲ့တွေ့ဆုံမေးမြန်းခန်းမှာ ဆက်ဇ်နီက “ ဒါဟာ ကျွန်တော့်ကစားပုံမျိုး မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီ၊ ဘာစီလိုနာအသင်းလုပ်ပြခဲ့တဲ့အရာတွေက အသိအမှတ်ပြုစရာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက်လည်း ကြည့်လို့ကောင်းပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်ကစားပုံမျိုး မဟုတ်ပါဘူး။ အောင်မြင်မှုတွေရရှိနေတယ်ဆိုရင်တောင် ကျွန်တော့်ရဲ့အမြင်ကို မပြောင်းလဲစေပါဘူး။

အသင်းက စွန့်စားမှုတွေ အလွန်များပြားပြီး မိနစ် ၉၀ ကြာကစားရမယ့် ပွဲအစီအမံကို မလိုက်နာနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ အခု ကျွန်တော်က ပြင်းပြင်းထန်ထန်ဝေဖန်နေတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့အမြင်ကို ချပြပေးရုံသာ ဖြစ်ပါတယ်။ ကျွန်တော်က ဂိုးသမားတစ်ဦးပါ။ နောက်ပြီး ၄-၀ ဂိုးဖြင့် ဦးဆောင်နေချိန် ကောင်လေးတွေက တခြားအရာအားလုံးကို မေ့ဖျောက်ပစ်ပြီး ၅-၀ ဂိုးဆိုတဲ့ ရလဒ်ထွက်ပေါ်အောင် လုပ်သွားဖို့ အရမ်းစိတ်အားထက်သန်ကြပါတယ်။ ဒါက စိတ်ပျက်စရာကောင်းပါတယ်။ ဂိုးသမားတစ်ဦးမှာလည်း Clean Sheet လိုချင်စိတ်ရှိပါတယ်။ ဒါပေမယ့် ကောင်လေးတွေက ဂိုးတွေထပ်သွင်းပြီး ပျော်ရွှင်ချင်ကြပါတယ်။ ဒါက ကျွန်တော့်အတွက် အခက်တွေ့စရာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဆက်ဇ်နီက ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိပေမယ့် တာစတီဂန်ရဲ့ဒဏ်ရာပြန်သက်သာလာချိန်မှာပဲ ပွဲထွက်ခွင့်ရယူနိုင်ဖွယ်ရှိတဲ့ ဂိုးသမားသစ်ဂျိုအမ်ဂါစီယာရောက်ရှိလာမှုကြောင့် လာမယ့်ဘောလုံးရာသီသစ်မှာ သူ့ရဲ့အခန်းကဏ္ဍ လျော့ကျသွားဖို့ ရှိနေပါတယ်။ ချန်ပီယံလိဂ်အပါအဝင် ဆုဖလားလေးလုံးဆွတ်ခူးနိုင်ရေး ဘာစီလိုနာတို့ကြိုးပမ်းမယ့်ရာသီသစ်မှာ ခံစစ်ပိုင်းအားနည်းချက်တွေ ရှိနေဦးမယ်ဆိုရင် ဟန်စီဖလစ်ခ်လည်း သူ့ရဲ့နည်းဗျူဟာပိုင်းတွေကို ပြန်လည်ချိန်ညှိသွားရနိုင်ပါတယ်။