The network connection is lost.

Banner Image

ဘိုဒိုဂလင့်နဲ့ပွဲမှာ ဒဏ်ရာကိုယ်စီရခဲ့ကြတဲ့ မက်ဒီဆင်နဲ့ ဆိုလန်ကီ

တော့တင်ဟမ်ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ဒိုမီနစ်ဆိုလန်ကီနဲ့ ကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်တို့ဟာ သောကြာနေ့နံနက် ဘိုဒိုဂလင့်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ဒဏ်ရာပြဿနာကိုယ်စီကြုံတွေ့ခဲ့ကြတယ်လို့ နည်းပြ အန်ဂျီပိုစတီကိုဂလူက အတည်ပြုလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ တော့တင်ဟမ်ဟာ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲသို့ ခြေတစ်ဖက်လှမ်းနိုင်ခဲ့ပြီလို့ဆိုရမှာဖြစ်ပြီး ဒုတိယအကျော့အဝေးကွင်းမှာ ၂ ဂိုးပြတ်မရှုံးအောင် စွမ်းဆောင်သွားဖို့ လိုအပ်နေပါတယ်။ မက်ဒီဆင်နဲ့ ဆိုလန်ကီတို့ဟာ ဂိုးကိုယ်စီသွင်းယူနိုင်ခဲ့ကြပြီး အသင်းရဲ့နိုင်ပွဲအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နိုင်ခဲ့ကြပါတယ်။ သို့သော်လည်း မက်ဒီဆင်ဟာ ဒဏ်ရာပြဿနာကြုံတွေ့ပြီး ပွဲကစားချိန် ၆၅ မိနစ်မှာ လူစားလဲခံခဲ့ရသလို၊ ဆိုလန်ကီကလည်း ၇၅ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။ 

ပွဲအပြီးမှာ ပိုစတီကိုဂလူက "မက်ဒီဆင်က ဒူးခေါင်းမှာ ဒဏ်ရာရသွားပါမယ်။ ဒါပေမယ့် ပြင်းပြင်းထန်ထန်တော့မဟုတ်ပါဘူး။ ဆိုလန်ကီလည်း ဒဏ်ရာရခဲ့ပေမယ့် သူ့ရဲ့ဒဏ်ရာလည်း မပြင်းထန်ပါဘူး။ ဒါပေမယ့် ၃ ဂိုးပြတ်ဦးဆောင်ထားနိုင်တဲ့အခြေအနေမှာတော့ စွန့်စားမှုမယူချင်လို့ ၂ ယောက်စလုံးကို လူစားလဲခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ပိုစတီကိုဂလူဟာ ရစ်ချာလီဆန်ကို ပွဲထုတ်ကစားခဲ့ပြီး ဘရာဇီးသားဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘယ်တောင်ပံနေရာမှာ စတင်ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ သို့သော်လည်း ရစ်ချာလီဆန်ဟာ ပွဲပြီးဆုံးချိန်အထိတော့ ကစားခွင့်မရခဲ့ဘဲ ပထမပိုင်းအပြီးမှာပဲ မာသီစ်တဲလ်နဲ့ လူစားခံခဲ့ရပါတယ်။ 

ဆက်လက်ပြီး ဩစတြေးလျသားနည်းပြက "ရစ်ချာလီဆန်က ဒဏ်ရာမရပါဘူး။ သူ့ကိုလူစားလဲခဲ့တာ နည်းဗျူဟာကြောင့်ပါ။ ဒီပွဲမှာ သူခြေစွမ်းပြသနိုင်ခဲ့ပြီး လုပ်ဖို့လိုအပ်တာတွေကို လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မာသီစ်တဲလ်ကိုလည်း အသုံးပြုချင်ခဲ့လို့ ဒုတိယပိုင်းမှာ လူစားလဲခဲ့ပါတယ်"

"ဘစ်ဆူးမားနဲ့ ဘန်တန်ကာတို့ကလည်း ဒီပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တယ်လို့ထင်ပါတယ်။ သူတို့နှစ်ယောက်က နိုင်ပွဲရဲ့သော့ချက်တွေဖြစ်ခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့ ထိုးဖောက်မှုတွေကို သူတို့ကပဲ ထိန်းချုပ်ခဲ့ပြီး နိုင်ပွဲအတွက် အရေးပါခဲ့ကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။