The network connection is lost.

Banner Image

ပက်ဂွါဒီယိုလာနေရာအတွက် မာရက်စ်ကာကို ပစ်မှတ်ထားနေတဲ့ မန်စီးတီး

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာရဲ့နေရာကို အစားထိုးနိုင်မယ့်သူအဖြစ် ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာ ရေပန်းစားနေပါတယ်။
၂၀၂၄ ခုနှစ်နွေရာသီမှာ ချဲလ်ဆီးကို စတင်တာဝန်ယူခဲ့တဲ့ အန်ဇိုမာရက်စ်ကာက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး နှစ်ဖက်သဘောတူညီမှုအရ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။
အလားတူ ပက်ဂွါဒီယိုလာကလည်း ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ဘောလုံးလောကမှာ ကာလရှည်ဖြတ်သန်းခဲ့ပြီးနောက် မကြာမီကာလအတွင်း အနားယူသွားနိုင်တယ်လို့ အရိပ်အမြွက်ထုတ်ပြောထားပါတယ်။
ကတ္တလန်သားနည်းပြက “မန်စီးတီးနဲ့စာချုပ်သက်တမ်းပြည့်မြောက်ရင် ကျွန်တော် အနားယူပါတော့မယ်။ သေချာပါတယ်။ အနားယူသွားမလားဆိုတာ မသေချာသေးဘူးဆိုရင်တောင် ခေတ္တခဏတော့ အနားယူသွားပါမယ်”လို့ ပြောပါတယ်။
သတင်းထောက်ဒေးဗစ်အွန်စတိန်းကတော့ မာရက်စ်ကာကို ဂွါဒီယိုလာရဲ့နေရာအစားထိုးမယ့်သူအဖြစ် မန်စီးတီးအသင်း ရှုမြင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒေးဗစ်အွန်စတိန်းက “ ပက်ဂွါဒီယိုလာသာ နောက်နှစ်နွေရာသီမှာ ထွက်ခွာသွားမယ်ဆိုရင် မန်စီးတီးစဉ်းစားနေတဲ့ နည်းပြလောင်းစာရင်းထဲမှာ အန်ဇိုမာရက်စ်ကာ ပါဝင်နေပါတယ်။
မန်စီးတီးကိုယ်တိုင်လည်း နည်းပြအပြောင်းအလဲဖြစ်နိုင်ခြေအတွက် အရေးပေါ်လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်လုပ်ကိုင်နေပါတယ်။ အသက်-၄၅ နှစ်အရွယ် ချဲလ်ဆီးနည်းပြက အခြားဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်စရာတွေနဲ့အတူ ထင်ထင်ရှားရှားပါဝင်နေပါတယ်”လို့ ဆိုပါတယ်။
အီတာလျံသားနည်းပြက ပြီးခဲ့တဲ့ရာသီ၊ ဥရောပကွန်ဖရန့်လိဂ်ချန်ပီယံဆုနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့သလို အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယားစတုတ္ထနေရာဆီ ချဲလ်ဆီးကို ပို့ဆောင်ပေးထားပါတယ်။ မန်စီးတီးကလည်း ချဲလ်ဆီးနည်းပြအဖြစ် အန်ဇိုမာရက်စ်ကာရဲ့တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေပါတယ်။