တော့တင်ဟမ်လူငယ်ကြယ်ပွင့်ဗက်စ်ကိုဗစ်ကို မျက်စိကျနေတဲ့ လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်
ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ တော့တင်ဟမ်အသင်းပိုင်ဆိုင်တဲ့ ခံစစ်မှူးလူကာဗက်စ်ကိုဗစ်ကို ခေါ်ယူဖို့အတွက် ဥရောပထိပ်သီးတွေဖြစ်တဲ့ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ စိတ်ဝင်စားလာကြတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိ ဗက်စ်ကိုဗစ်က ပြီးခဲ့တဲ့နွေရာသီကာလအတွင်း Hajduk Split မှ တော့တင်ဟမ်ဆီတရားဝင်ပြောင်းရွှေ့ရောက်ရှိလာခဲ့ပေမဲ့ အသင်းအတွက် တရားဝင်ပွဲစဉ်ကို မကစားပေးရသေးပါဘူး။
သူက အခုရာသီမှာ ဂျာမနီကလပ်ဟမ်းဘတ်ဆီ အငှားဖြင့် သွားရောက်ကစားနေပြီး အထင်ကြီးလောက်စရာစွမ်းဆောင်ရည်မျိုးပြသနေလို့ ဥရောပထိပ်တန်းကလပ်အသင်းကြီးတွေရဲ့အာရုံစိုက်မှုကို ရရှိလာပါတယ်။
Sportsboom ရဲ့ ဖော်ပြချက်အရ ဒီလူငယ်နောက်ခံလူကိုခေါ်ယူဖို့ စိတ်ဝင်စားကြောင်း အကြောင်းကြားထားတဲ့ နောက်ဆုံးကလပ်အသင်းတွေက လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးအသင်းတို့ကလည်း ဗူစကိုဗစ်ကို ခေါ်ယူချင်နေကြပြီး စပါးအသင်းဘက်ကတော့ သူ့ရဲ့တန်ဖိုးကို ပေါင် ၆၁ သန်းအထိ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။