The network connection is lost.

Banner Image

ဖောရက်စ်ကွင်းမှာ ကစားပုံမကောင်းခဲ့ပေမယ့် အနိုင်ရရှိခဲ့လို့ စိတ်သက်သာရာရသွားတဲ့ အန်းစလော့

ယမန်နေ့၊ နော်တင်ဟမ်ဖောရက်စ်ရဲ့ကွင်းမှာ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးနည်းပြအန်းစလော့က စိတ်သက်သာရာရသွားတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

စီးတီးဂရောင်းကွင်းပွဲစဉ်မှာ မက်အယ်လစ္စတာရဲ့ပွဲချိန်နှောင်းပိုင်းသွင်းဂိုးနဲ့အတူ လီဗာပူးတို့ အနိုင်ရရှိခဲ့ပါတယ်။

အန်းစလော့က "ကျွန်တော့်ရဲ့ခံစားချက်ကတော့ ပျော်လည်းပျော်သလို စိတ်လည်း သက်သာရာရသွားပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့အသင်း ကောင်းကောင်းမကစားနိုင်ခဲ့လို့ ဒီရာသီမှာကစားခဲ့တဲ့ တခြားပွဲစဉ်တွေနဲ့မတူဘဲ အခုလိုမျိုးကွဲပြားတဲ့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲတစ်ခုကိုလုပ်ရတာ ဒါပထမဆုံးပါပဲ။ အထူးသဖြင့် ပထမပိုင်းကစားပုံက ဒီရာသီမှာ ကျွန်တော်တို့ပြသနေကျ ပုံစံမျိုး မဟုတ်ခဲ့ပါဘူး" လို့ ဆိုပါတယ်။

"ဒါပေမဲ့ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီးမှ ရလဒ်ပိုင်းအရ နစ်နာခဲ့ရတဲ့ပွဲစဉ်တွေလည်း အကြိမ်ကြိမ်ကြုံခဲ့ရဖူးပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့နဲ့ထိုက်တန်တာထက် ပိုရခဲ့တယ်လို့ ထင်ပါတယ်။ တကယ်ဆိုရင် ဒီပွဲက အနိုင်ရတာထက် သရေကျတာက ပိုပြီးတရားမျှတတဲ့ရလဒ် ဖြစ်ပါလိမ့်မယ်" လို့ သူက ဆက်ပြောပါတယ်။

"ပြီးတော့ အမ်ဂူမိုဟာရဲ့အမိုက်စားဖြတ်တင်ဘောမှတဆင့် အီကီတီကီကိုယ်တိုင် အခွင့်အရေးကောင်းကြီး ရခဲ့ပေမဲ့ လွဲချော်ခဲ့ပြီး အဲဒီဘောလုံး ပြန်ကန်ထွက်လာပြီးမှ ဂိုးထဲဝင်သွားချိန် အနိုင်ရပြီလို့ ထင်ခဲ့တာပါ။ VAR ရှိလာကတည်းက 'တစ်ခုခုများ မှားနေမလား' ဆိုတဲ့ အတွေးနဲ့ အားရပါးရအောင်ပွဲမခံမိဖို့ အမြဲတမ်း ထိန်းနေရပါတယ်။ ဘောလုံးက ခန္ဓာကိုယ်ရဲ့ဘယ်နေရာကိုထိသွားသလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ အခုလည်း လက်နဲ့ထိသွားတယ်လို့ ယူဆလို့ ဂိုးအဖြစ် ခွင့်မပြုခဲ့ပါဘူး။"

"အဲဒီအချိန်မှာ 'အင်း... ဒီရာသီမှာ ငါတို့အပေါ် ကံမကောင်းတာတွေ အကုန်မဖြစ်သေးဘူးပဲ၊ နောက်ထပ်တစ်ခု ကျန်သေးတယ်'လို့ပဲ ကျွန်တော်ခံစားမိပါတယ်။ ဒါပေမဲ့ နှစ်မိနစ်၊ သုံးမိနစ်လောက်အကြာမှာတော့ ကံကြမ္မာပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော်တို့ အနိုင်ဂိုးသွင်းနိုင်ခဲ့တယ်လို့ ထင်ခဲ့ပြီး သူတို့ဘက်က အချိန်အတော်ကြာ ပြန်စစ်ဆေးခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဒိုင်လူကြီးက ကွင်းလယ်ကနေ ပြန်စဖို့ (Kick-off) ညွှန်ပြခဲ့လို့ ကျွန်တော်တို့တွေ အနို်ငရရှိခဲ့ပါတယ်" အန်းစလော့က ပြောကြားသွားခဲ့ပါတယ်။