လီဗာပူးကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါသထွက်စိတ်ပျက်မိတယ်လို့ ဗီတာပါရဲရားဝန်ခံ
နော်တင်ဟမ်ဖောရက်စ်နည်းပြဗီတာပါရဲရားက အိမ်ကွင်းမှာ လီဗာပူးကိုရှုံးနိမ့်ခဲ့မှုအပေါ် စိတ်ပျက်မိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ဒီပွဲစဉ်မှာ လီဗာပူးက မက်အယ်လစ္စတာရဲ့ပွဲချိန်နှောင်းပိုင်းသွင်းဂိုးနဲ့အတူ ၁-၀ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
“ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ပြိုင်ဘက်ဂိုးဧရိယာဆီ ဘောလုံးတွေ အကြိမ်ကြိမ်ဖြတ်တင်ပေးပို့နိုင်ခဲ့သလို ဂိုးကန်သွင်းခွင့်တွေရဖို့လည်း အများကြီးကြိုးစားခဲ့ပါတယ်။ တစ်ဦးချင်းရင်ဆိုင်ကျော်ဖြတ်နိုင်မယ့် အခြေအနေမျိုးတွေရအောင်လည်း ကြိုးစားခဲ့ကြပါတယ်” လို့ ပါရဲရားက ပြောပါတယ်။
“အချိန်တိုင်းမှာ ကျွန်တော်တို့က တိုက်စစ်ဆင်ဖို့ အသင့်ဖြစ်နေခဲ့သလို သူတို့ကိုလည်း အခွင့်အရေးတွေ မပေးခဲ့ပါဘူး။ တကယ်ကောင်းမွန်တဲ့ဘောလုံးကစားဟန်ကို ပြသနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပထမပိုင်းကလို အားအင်အပြည့်နဲ့ဆက်ကစားဖို့ဆိုတာ မဖြစ်နိုင်လို့ အခြေအနေ အနည်းငယ်ပြောင်းလဲသွားခဲ့ပါတယ်”
“စိတ်ပျက်မိပါတယ်။ ရင်ထဲမှာ တကယ်ကိုစိတ်ပျက်မိသလို ဘောလုံးရလဒ်အပေါ်မှာလည်း ဒေါသထွက်မိပါတယ်။ အခုအချိန်မှာတော့ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာထားပြီး အနာဂတ်ကိုရင်ဆိုင်နိုင်ဖို့အတွက် ယုံကြည်မှုအပြည့်၊ ပိုမိုသန်မာတဲ့ပုံစံမျိုးနဲ့ပြန်လာရမယ့် အချိန်ရောက်ပါပြီ”
“ပထမပိုင်းမှာ ကျွန်တော်တို့က အစ္စတန်ဘူလ်မှာ ကစားခဲ့သလိုမျိုး ကစားနိုင်ခဲ့ပေမဲ့ ဂိုးတော့ မရခဲ့ပါဘူး။ ဂိုးရဖို့ အခွင့်အရေးကောင်းနှစ်ကြိမ်တောင် ရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့တာပါ” လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ဒီပွဲစဉ်အတွက် နော်တင်ဟမ်ဖောရက်စ်ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ် ပါရဲရား အပြစ်မမြင်ခဲ့ပါဘူး။
“ဒီနေ့ရလဒ်အတွက် ကျွန်တော် တကယ်ကိုစိတ်ပျက်ရပြီး အဝတ်လဲခန်းဆီဝင်ဖို့တောင် တကယ်ကို ခက်ခဲခဲ့ပါတယ်။ ကစားသမားတွေကို ကျွန်တော် ဘာပြောရမလဲ။ သူတို့ကတော့ နိုင်ပွဲရဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြတာပါ” လို့ ပေါ်တူဂီလူမျိုးနည်းပြက ဆိုပါတယ်။
“ကျွန်တော်တို့ ဒီပွဲကို အနိုင်ရချင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ တစ်မှတ်တောင်မရဘဲ သုညနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။ ဒါဟာ ဘောလုံးပါပဲ။ ကျွန်တော်တို့မှာ ညည်းတွားနေဖို့ အချိန်မရှိပါဘူး၊ နောက်ပွဲစဉ်ဆီပဲ အာရုံစိုက်ဖို့ လိုအပ်ပါတယ်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။