ဝုလ်ဗ်နဲ့ပွဲမှာ ခရစ္စတယ်ပဲလေ့စ်အတွက် အနိုင်ဂိုးသွင်းပေးနိုင်ခဲ့လို့ ဝမ်းသာမိကြောင်း ဖွင့်ဟလာတဲ့ ဂက်စ်ဆန်း
အဲဗန်ဂက်စ်ဆန်းက ဝုလ်ဗ်အသင်းနဲ့ပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးပြီး အသင်းကို အောင်ပွဲဖော်ဆောင်ပေးနိုင်ခဲ့တဲ့အပေါ် ကျေနပ်ပီတိဖြစ်နေပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့မှာ အက်စတွန်ဗီလာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဂက်စ်ဆန်းဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။
"ဒီနေ့ပွဲမှာ ကျွန်တော်တို့ ဒီနိုင်ပွဲရဖို့အတွက် အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြတာပါ။ နိုင်ပွဲနဲ့ ဝေးကွာနေတာ ကြာပြီဖြစ်ပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ်" လို့ ဂက်စ်ဆန်းက Palace TV ကို ပြောကြားခဲ့ပါတယ်။ ၎င်းက ဆက်လက်ပြီး "အခုလိုပဲ ဆက်ပြီး ကြိုးစားသွားကြရအောင်၊ ဘာလို့လဲဆိုတော့ ဂိုးသမားကနေ တိုက်စစ်မှူးအထိ ကျွန်တော်တို့အသင်းမှာ ရှိနေတဲ့ အရည်အသွေးတွေနဲ့ဆိုရင် တစ်ခုခုကို ကောင်းကောင်းလုပ်ပြနိုင်မယ်လို့ ကျွန်တော် ယုံကြည်လို့ပါ" လို့လည်း ဆိုပါတယ်။
"အသင်းက စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ စိတ်ရှည်လက်ရှည် ဆက်တိုက်ကြိုးစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ တစ်ခါတလေ ပြိုင်ဘက်အသင်းက အနီကတ်ပြခံရပြီး လူလျော့သွားတဲ့အခါမျိုးမှာ ကိုယ်က ပေါ့လျော့သွားတတ်ပေမဲ့ ကျွန်တော်တို့ကတော့ အလျှော့မပေးဘဲ ဆက်ပြီး ဖိအားပေးနိုင်ခဲ့ပါတယ်" လို့ ဂက်စ်ဆန်းက ပြောပါတယ်။
ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ပတ်သက်လို့လည်း "ပရိသတ်တွေ လာရောက်အားပေးတိုင်း သူတို့ရဲ့ အားပေးသံတွေကို ကျွန်တော်တို့ ခံစားမိပါတယ်။ ဒီနေ့မှာလည်း ခံစားခဲ့ရသလို၊ ပရိသတ်တွေရဲ့ အားပေးမှုကို ထပ်ပြီး ရရှိခဲ့တာဟာ ကျွန်တော်တို့အတွက် တကယ်ကို အရေးကြီးပါတယ်" လို့ ၎င်းက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။