ချီးဗတ်စ်ကြယ်ပွင့် ဂွန်ဇာလက်ဇ်ကို ခေါ်ယူဖို့ ဘာစီလိုနာအားကစားဒါရိုက်တာ ဒီကို ကိုယ်တိုင် ဆက်သွယ်နေ
ဘာစီလိုနာအသင်းဟာ ချီးဗတ်စ် ဂွါဒါလာဂျာရာ အသင်းရဲ့ တိုက်စစ်မှူး အာမန်ဒို ဂွန်ဇာလက်ဇ်ကို ခေါ်ယူဖို့ အလေးအနက် စတင်ခြေလှမ်းပြင်လာပါတယ်။
အသက် ၂၂ နှစ်အရွယ် ဂွန်ဇာလက်ဇ်ဟာ မက္ကဆီကို ဘောလုံးလောကရဲ့ တက်သစ်စ ကြယ်ပွင့်ကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။
ESPN ရဲ့ ဖော်ပြချက်အရ ဘာကာဟာ ဂွန်ဇာလက်ဇ်ကို စောင့်ကြည့်လာတာ ၁၂ လကျော် ရှိနေပြီဖြစ်ပြီး အခုအခါမှာတော့ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားမှုက ပိုပြီး အားကောင်းလာတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာ ဒီကိုဟာ လာမယ့်နွေရာသီမှာ စပိန်ကို ပြောင်းရွှေ့ဖို့အတွက် ဂွန်ဇာလက်ဇ်နဲ့ တိုက်ရိုက် စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဥရောပ ထိပ်တန်းကလပ် တော်တော်များများက ဂွန်ဇာလက်ဇ်ကို ခေါ်ယူဖို့ စုံစမ်းမေးမြန်းမှုတွေ ရှိနေပေမဲ့ ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုကတော့ ဂွန်ဇာလက်ဇ်ရဲ့ အာရုံကို အတော်လေး ဖမ်းစားထားနိုင်ပါတယ်။
ဒီတိုက်စစ်မှူးဟာ အခုရာသီမှာ ချီးဗတ်စ်အသင်းအတွက် ၂၄ ပွဲ ကစားထားပြီး ၁၇ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ အံ့ဩစရာ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။