ရီးရဲလ်ဘက်တစ်နောက်ခံလူ အယ်လ်ယတ်ဇီဒန်းကို အယ်လ်ဂျီးရီးယားလက်ရွေးစင်အသင်း ပစ်မှတ်ထားနေ
အယ်လ်ဂျီးရီးယားအသင်းဟာ ရီးရဲလ်ဘက်တစ်အသင်းရဲ့ ခံစစ်ကစားသမား အယ်လ်ယတ်ဇီဒန်းကို စိတ်ဝင်စားနေပါတယ်။
ပြင်သစ်နဲ့ ရီးယဲလ်မက်ဒရစ် ဂန္ထဝင်ကစားသမားကြီး ဇီနဒင်ဇီဒန်းရဲ့ သားဖြစ်သူ အယ်လ်ယတ်ဟာ လက်ရှိမှာတော့ ရီးရဲလ်ဘက်တစ် အရန်အသင်းမှာ ကစားနေတာပါ။
အယ်လ်ယတ်ရဲ့ အစ်ကိုဖြစ်သူ လူကာဇီဒန်းဟာလည်း အစောပိုင်းမှာ ပြင်သစ်လူငယ်အသင်း အဆင့်ဆင့်မှာ ပါဝင်ကစားခဲ့ဖူးပေမဲ့ အခုအခါမှာတော့ အယ်လ်ဂျီးရီးယားအသင်းအတွက် ရွေးချယ်ကစားပေးနေပြီ ဖြစ်ပါတယ်။ အယ်လ်ယတ်လိုပဲ လူကာဟာလည်း ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပြီး လက်ရှိမှာ ဂရန်နာဒါအသင်းမှာ ကစားနေပါတယ်။
အယ်လ်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်ဟာ အယ်လ်ယတ်ကိုလည်း ၎င်းတို့နိုင်ငံအတွက် ကိုယ်စားပြုကစားပေးဖို့ စည်းရုံးနိုင်ဖို့ ကြိုးစားနေတယ်လို့ အယ်လ်ဂျီးရီးယား မီဒီယာတွေက ဖော်ပြနေကြပါတယ်။
အယ်လ်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်က အယ်လ်ယတ်ကို ဆက်သွယ်ထားပေမဲ့ သူကတော့ တစ်စုံတစ်ရာ ပြန်လည်အကြောင်းပြန်ခြင်း မရှိသေးပါဘူး။ သူ့ရဲ့အစ်ကို လူကာလိုပဲ အယ်လ်ယတ်ဟာလည်း ပြင်သစ် ယူ-၁၇ နဲ့ ယူ-၂၀ အသင်းတွေမှာ ပါဝင်ကစားထားဖူးသူ ဖြစ်ပါတယ်။