ရီးရဲလ်အနေနဲ့ အမ်ဘာပေကိုမလိုချင်ရင် ရောင်းထုတ်လိုက်သင့်ကြောင်း ပြောကြားလာတဲ့ ဒူဂါရီ
ပြင်သစ်ကမ္ဘာ့ဖလားချန်ပီယံဟောင်း ခရစ္စတိုဖာဒူဂါရီက ဒီရာသီ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လူစာရင်းအရည်အသွေးကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ဒီရာသီ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေအတွက် ခီလီယန်အမ်ဘာပေကိုပဲ ဝေဖန်ရေးသမားတွေက အပြစ်ပုံချနေတာဟာ မှားယွင်းတယ်လို့ ဒူဂါရီက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
သူက Jerome Rothen ရဲ့ ပေါ့တ်ကတ်စ်အစီအစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။ "ရီးရဲလ်မက်ဒရစ်ရဲ့ ပြဿနာတွေက ဘာပေကြောင့်ချည်းပဲလို့ ပြောနေကြတာဟာ ကျွန်တော့်အတွက်တော့ တော်တော်လေး အံ့ဩဖို့ကောင်းပါတယ်။ တစ်နေရာရာမှာတော့ ဒါကို အလွန်အကျွံပြောနေတာတွေကို ရပ်တန့်ဖို့ လိုပါတယ်။ စပိန်လူမျိုးတွေက သူ့ကို မလိုချင်တော့ဘူးဆိုရင်လည်း ပြန်လွှတ်လိုက်သင့်ပါတယ်။ သူ တခြားတစ်နေရာကိုသွားပြီး တစ်စုံတစ်ယောက်ကို ပျော်ရွှင်အောင် လုပ်ပေးကောင်း လုပ်ပေးပါလိမ့်မယ်၊ ဒါကိုတော့ ကျွန်တော် မသိဘူးပေါ့။ ဒါပေမဲ့ အခုလိုဖြစ်နေတာကတော့ တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။"
"အခု ရီးရဲလ်မက်ဒရစ်အသင်းမှာ ရီးရဲလ်မက်ဒရစ်ကစားသမားဖြစ်ဖို့ အရည်အချင်းမပြည့်မီတဲ့သူတွေ အများကြီး ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ စိတ်မကောင်းပေမဲ့ သူတို့တွေဟာ အမွှန်းတင်ခံထားရသူတွေပါ။ ကျွန်တော်လည်း ကလပ်အသင်းကြီးတွေမှာ ကစားခဲ့ဖူးပါတယ်။ ဘာစီလိုနာမှာတုန်းက ကျွန်တော် ပွဲထွက်ခွင့် သိပ်မရခဲ့ဘူး၊ အဲ့ဒါမှာလည်း အကြောင်းပြချက် ရှိခဲ့တာပါပဲ" လို့ ၎င်းက ဆိုပါတယ်။
ဒူဂါရီက ဒီထက်မက ဆက်ပြောခဲ့ပြီး ကစားသမားနာမည်တွေကိုပါ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ "ဒီလိုကလပ်အသင်းမျိုးတွေဟာ အကောင်းဆုံးကြယ်ပွင့်တွေကိုပဲ လိုချင်ကြတာပါ။ ဒါပေမဲ့ အသင်းမှာရှိနေတဲ့ တချို့ကစားသမားတွေကတော့ အဲ့ဒီအဆင့်ကို မမီဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူတို့တွေ အသင်းမှာ ရှိနေတာ ကြာပါပြီ။ ကျွန်တော်ပြောချင်တာက ကာမာဗင်ဂါ၊ အာဒါဂူလာ၊ ဗယ်ဗာဒီ၊ ချူအာမန်နီ တို့လို ကစားသမားတွေအပြင် ဒဏ်ရာရသူတွေ များနေလို့ မမျှော်လင့်ဘဲ ပွဲထွက်ခွင့်ရလာတဲ့ အာဆန်းဆီယိုတို့လို လူမျိုးတွေပါ။"
"အဆန်စီယိုက ကစားသမားကောင်းတစ်ယောက်ဆိုတာ သက်သေပြနိုင်ခဲ့ပေမဲ့ သူဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဗဟိုခံစစ်မှူးဖြစ်ဖို့တော့ အဆင့်မမီသေးပါဘူး။ အလာဘာကလည်း ဒဏ်ရာရနေပြီး ၃ လမှာ ၁ ပတ်လောက်ပဲ ကစားနိုင်တာ၊ သူလည်း အဲ့ဒီအဆင့်မှာ မရှိတော့ပါဘူး" လို့ ဒူဂါရီက ထောက်ပြခဲ့ပါတယ်။
ဒူဂါရီက ဆက်ပြီးတော့ "ဒီလိုကလပ်မျိုးမှာ ၂ နှစ်၊ ၃ နှစ်၊ ၄ နှစ်လောက် ရှိနေပြီးတော့ တစ်ပွဲကောင်းလိုက်၊ တစ်ပွဲညံ့လိုက်နဲ့ ဒီလိုအဆင့်မျိုးမှာပဲ အမြဲတမ်း ရှိနေလို့ မရပါဘူး။ အခုအသင်းမှာ ခြေစွမ်းမတည်ငြိမ်တဲ့ ကစားသမားတွေ အရမ်းများနေပါတယ်" လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။