ဘုန်းမောက်မှာကစားတာက ဥရောပထိပ်သီးကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနိုင်တယ်လို့ဆိုလာတဲ့ ဂျင်မီနက်ဇ်
ဘုန်းမောက်အသင်းမှာ ကစားနေတာက သူ့ကို ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းကြီးတွေက အမြဲတစေ စောင့်ကြည့်နေမယ့် အနေအထားမှာ ရှိနေစေလိမ့်မယ်လို့ အဲလက်စ်ဂျင်မီနက်ဇ်က ယုံကြည်မှုအပြည့်နဲ့ ပြောဆိုလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ် လူငယ်အသင်းထွက် ကစားသမားဖြစ်သူ ဂျင်မီနက်ဇ်ဟာ ပြီးခဲ့တဲ့အပတ်ကမှ အေစီမီလန်အသင်းကနေ ဘုန်းမောက်အသင်းဆီကို အမြဲတမ်းစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
ဘုန်းမောက်အသင်းနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုဖြစ်ခဲ့တဲ့ အကြောင်းရင်းကို သူက AS သတင်းဌာနကို အခုလိုပဲ ပြောပြခဲ့ပါတယ်။ "ဒါပေါ့၊ အသင်းတစ်သင်းက ကိုယ့်ကို အလေးအနက်ထားလာရင် အာရုံစိုက်မိတာ သဘာဝပါပဲ။ အထူးသဖြင့် ဒီနွေရာသီမှာ ဘုန်းမောက်က ကျွန်တော့်ကို ခေါ်ယူဖို့ အားတက်သရော ကြိုးစားခဲ့တာက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။"
"ပြီးခဲ့တဲ့နှစ်ကလည်း ဟွိုင်ဆန် ရီးရဲလ်မက်ဒရစ်ကို ပြောင်းခဲ့တာ၊ ဇာဘာညီကို ပီအက်စ်ဂျီက ခေါ်ယူခဲ့တာနဲ့ ဒန်ဂိုကို ဘရန့်ဖို့ဒ်က ခေါ်ယူခဲ့တာမျိုးတွေကလည်း သတိပြုစရာ အချက်တွေပဲလေ။"
"အဲဒီအချက်တွေက ကျွန်တော့်ကို စိတ်ဝင်စားစေပါတယ်။ ဘာလို့လဲဆိုတော့ နောက်ဆုံးမှာတော့ ကိုယ်က ဘယ်လိုအဆင့်အတန်းမျိုးဆီ ရောက်ချင်တာလဲ၊ အနာဂတ်မှာ ဘာတွေ အောင်မြင်အောင် လုပ်နိုင်မလဲဆိုတာကိုပဲ ကြည့်ရတာကိုး။"
ရီးရဲလ်မက်ဒရစ်နဲ့ မီလန်အသင်းတွေမှာ ကုန်ဆုံးခဲ့တဲ့ အချိန်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဒီဝင်းဘတ်ကစားသမားက "ရီးရဲလ်မက်ဒရစ်မှာတော့ ဘောလုံးနဲ့ ပတ်သက်တဲ့ အခြေခံကစပြီး အကုန်လုံးကို သင်ယူခဲ့ရတာပါ။ ကျွန်တော် အသက် ၇ နှစ်သားကတည်းက အသင်းကို ရောက်ခဲ့တာဆိုတော့ အသင်းကနေ ထွက်ခွာချိန်မှာ လူကြီးတစ်ယောက် ဖြစ်နေပြီလို့တောင် ပြောလို့ရပါတယ်။"
"သူတို့ ကျွန်တော့်ကို အများကြီး သင်ပေးခဲ့ကြပါတယ်။ အေစီမီလန်ကတော့ ကျွန်တော့်အတွက် နောက်ထပ် တိုးတက်မှု ခြေလှမ်းသစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီအသင်းက ကျွန်တော့်ကို ပထမတန်းလိဂ်မှာ ကစားခွင့်ရအောင် အခွင့်အရေး ပေးခဲ့တာပါ။ အေစီမီလန်လို အသင်းကြီးမျိုးကနေ အခုလို အဆင့်မြင့်ပြိုင်ပွဲတွေမှာ ကစားခွင့်ရဖို့ဆိုတာ အသင်းတိုင်းက ပေးနိုင်တဲ့ အခွင့်အရေးမျိုး မဟုတ်တဲ့အတွက် မီလန်ကို ကျွန်တော် အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ အခု ဘုန်းမောက်အသင်းမှာ ရှိနေရတာကိုလည်း တကယ့်ကို ပျော်ရွှင်ကျေနပ်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။