ချီကာဂိုဖိုင်းယားအသင်းရဲ့ ကမ်းလှမ်းမှုကြောင့် ဘာစီလိုနာမှာ ဆက်နေဖို့ ဝေခွဲမရဖြစ်နေတဲ့ လီဝန်ဒေါစကီး
နွေရာသီအပြောင်းအရွှေ့ကာလ နီးကပ်လာတာနဲ့အမျှ ရောဘတ် လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းမှာ ဆက်ရှိမလားဆိုတဲ့ သူ့ရဲ့အနာဂတ်အတွက် စဉ်းစားနေရပါတယ်။ အသက် ၃၈ နှစ်ပြည့်တော့မယ့် လီဝန်ဒေါစကီးရဲ့ စာချုပ်ဟာ ဒီရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာပါ။
လာလီဂါအသင်းကြီးဖြစ်တဲ့ ဘာစီလိုနာက သူ့ကို စာချုပ်သစ် ထပ်ပေးမလားဆိုတာ အခုထိ မရေမရာဖြစ်နေဆဲဖြစ်ပြီး သူကိုယ်တိုင်ကလည်း ဥရောပပြင်ပမှာ ကလပ်အသင်းသစ် ရှာဖွေနေတာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားဖို့ ပိုများနေပါတယ်။
လီဝန်ဒေါစကီးနဲ့ နီးစပ်တဲ့ သတင်းထောက်တစ်ဦးဖြစ်သူ Mateusz Borek က ပိုလန်တိုက်စစ်မှူးဟာ ရာသီနောက်ဆုံးပွဲစဉ်တွေမှာ အစွမ်းပြပြီး သူ့ရဲ့ရွေးချယ်စရာလမ်းတွေကို စဉ်းစားနေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ "သူ အခုလောလောဆယ် ဝေခွဲမရဖြစ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ချီကာဂိုဖိုင်းယားအသင်းဆီကနေ ငွေကြေးအမြောက်အမြားနဲ့ ကမ်းလှမ်းမှုတစ်ခု ရရှိထားသလို ဆော်ဒီကလပ်တွေဆီကလည်း ကမ်းလှမ်းမှုတွေလာမယ်ဆိုတာ သိထားပါတယ်၊ ဒါပေမဲ့ သူက ဘာစီလိုနာမှာပဲ ဆက်နေချင်နေတာပါ" လို့ ဆိုပါတယ်။
"သူ့ဇနီးက ဘာစီလိုနာမှာ စီးပွားရေးလုပ်ငန်းတချို့ လုပ်ကိုင်နေသလို အိမ်သစ်လည်း ဝယ်ထားပြီး ကလေးတွေကလည်း ဒီမှာ ပျော်နေကြပါတယ်။ ဒါကြောင့် သူက စာချုပ်သစ် ကမ်းလှမ်းမှုကို လက်ခံချင်နေတာ ဒါမှမဟုတ်ရင်လည်း 'ဒီမှာတင် လမ်းခွဲကြစို့' ဆိုတဲ့ ရှင်းလင်းတဲ့ အဖြေတစ်ခုကို သိချင်နေတာပါ" လို့ Borek က ဆက်ပြောပါတယ်။
အခုကနေ ရာသီမကုန်ခင်အထိ သွင်းဂိုး ၁၀ ဂိုးလောက် ထပ်သွင်းနိုင်ရင် ဘာစီလိုနာက သူ့ကို စာချုပ်သစ် ကမ်းလှမ်းလာနိုင်တယ်လို့ လီဝန်ဒေါစကီးက တွေးနေပုံရပါတယ်။ သူဟာ လက်ရှိရာသီမှာ ၃၁ ပွဲ ကစားထားပြီး ၁၃ ဂိုး သွင်းယူထားတာကြောင့် ကျန်ရှိတဲ့ပွဲစဉ်တွေမှာ ၁၀ ဂိုး ထပ်သွင်းဖို့ဆိုတာ သူ့ရဲ့အရည်အချင်းနဲ့ ဖြစ်နိုင်ပေမဲ့ တော်တော်လေးတော့ ကြိုးစားယူရမယ့် ပစ်မှတ်တစ်ခုပဲ ဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးကို ဆော်ဒီပရိုလိဂ်ကလပ်တွေကလည်း လိုချင်နေကြပေမဲ့ သူကတော့ အမေရိကန်လိဂ်ကိုပဲ ပိုပြီး စိတ်ဝင်စားနေပါတယ်။ သူ့မိသားစုက စပိန်မှာ အခြေကျနေပြီဖြစ်ပေမဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်တွေမှာ ကလပ်အသင်းသစ်တစ်ခု ရှာဖွေဖို့ ကြိုးစားနေတာကြောင့် ဘာစီလိုနာမှာ ဆက်ရှိနေဖို့တော့ မသေချာသလောက်ပါပဲ။