ဗလန်စီယာသို့ပြောင်းရွှေ့ခွင့်ရလို့ စိတ်လှုပ်ရှားမိကြောင်း ဖွင့်ဟလာတဲ့ ဆာရာဗီယာ
ဗလန်စီယာအသင်းဟာ အာဂျင်တီးနားနောက်ခံလူ ရမ်ဇို ဆာရာဗီယာကို ခေါ်ယူဖို့အတွက် အပြီးသတ်သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
အက်သလက်တီကို မိနဲရိုးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အလွတ်အေးဂျင့်ဖြစ်နေတဲ့ ဆာရာဗီယာဟာ ဗလန်စီယာအသင်းနဲ့ ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။
အသက် ၃၂ နှစ်အရွယ် ကစားသမားက “အခုလို ကလပ်အသင်းဆီမှာ အခွင့်အရေးရတဲ့အတွက် ကျွန်တော် တကယ်ကို ပျော်ရွှင်မိသလို ရှေ့ဆက်လာမယ့် အရာတွေအတွက်လည်း စိတ်အားထက်သန်နေပါတယ်။ ခံစားချက်ကတော့ တကယ်ကို ကောင်းပါတယ်... တခြားစိတ်ဝင်စားစရာ ကမ်းလှမ်းမှုတွေလည်း ရှိခဲ့ပေမဲ့ ဗလင်စီယာရဲ့ ကမ်းလှမ်းမှု ရောက်လာချိန်မှာတော့ ကျွန်တော် တစ်မိနစ်တောင် မစဉ်းစားဘဲ ချက်ချင်း လက်ခံခဲ့တာပါ။ ဒါဟာ ကျွန်တော့်အတွက် အလွန်အရေးကြီးတဲ့ အခွင့်အရေးတစ်ခုဖြစ်ပြီး ကျွန်တော့်ရဲ့ ရည်မှန်းချက်က အမြဲတမ်း အကောင်းဆုံး ကြိုးစားသွားဖို့ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဆာရာဗီယာက “ကျွန်တော်က ညာနောက်ခံလူရော၊ ညာဘက်ဗဟိုနောက်ခံလူအဖြစ်ပါ ကစားနိုင်တဲ့ နောက်ခံလူတစ်ဦးပါ။ ကွင်းထဲမှာ ပြိုင်ဘက်ကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ကစားတတ်ပြီး အနိုင်လိုချင်စိတ် အပြည့်နဲ့ အသင်းကို ဦးဆောင်ချင်တဲ့သူလည်း ဖြစ်ပါတယ်။ အသင်းအတွက် ကျွန်တော့်ဘက်က တတ်နိုင်သမျှ အကောင်းဆုံး ပါဝင်ကူညီသွားဖို့ မျှော်လင့်ပါတယ်” လို့လည်း ဆိုပါတယ်။
၎င်းက ဆက်လက်ပြီး “ဗလန်စီယာအသင်းဟာ ကော်ဒိုဘာမြို့သား ကစားသမားတွေနဲ့ ထူးခြားတဲ့ သမိုင်းကြောင်း ရှိပါတယ်။ ကမ်ပက်စ်၊ အိုင်မာ၊ ဘယ်ထရန်တို့ရဲ့ နောက်မှာ အခု ကျွန်တော် ပါဝင်ခွင့်ရခဲ့ပြီပေါ့။ အာဂျင်တီးနား ကစားသမားတွေမှာ ထူးခြားတဲ့ ဝိသေသတွေ ရှိပါတယ်။ အလုပ်ကြိုးစားကြတယ်၊ စိတ်ဓာတ်ခိုင်မာကြပြီး အနိုင်ရဖို့အတွက် အမြဲတမ်း ပြင်းပြနေကြသူတွေပါ” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။