The network connection is lost.

Banner Image

ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့အပေါ် အားရကျေနပ်နေတဲ့ အက်သလက်တီကို တိုက်စစ်မှူး ဆော်လို့သ်

ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်အသင်း အနိုင်ရရှိခဲ့ပြီး အဲဒီပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့အတွက် အလက်ဇန္ဒား ဆော်လို့သ်က ဂုဏ်ယူဝမ်းမြောက်နေပါတယ်။

ဆော်လို့သ်ရဲ့ သွင်းဂိုး ၃ ဂိုးနဲ့အတူ အက်သလက်တီကိုက ကလပ်ဘရုဂျက်အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် ၇-၄ ဂိုးနဲ့အတူ ၁၆ သင်းအဆင့်ဆီကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အဲဒီပွဲအပြီးမှာတော့ နော်ဝေတိုက်စစ်မှူး ဆော်လို့သ်က "တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ ပွဲတစ်ပွဲပါ။ ကျွန်တော်တို့တွေ အားမလျှော့တမ်း တိုက်စစ်ဆင်နိုင်ခဲ့ကြပါတယ်။ အသင်းဖော်တွေကလည်း လှပတဲ့ ဂိုးဖန်တီးမှုတွေ လုပ်ပေးခဲ့ကြတာကြောင့် ကျွန်တော့်အနေနဲ့ အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာပါ။ ကျွန်တော်တို့အသင်းက ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ခြုံပြောရရင်တော့ တကယ့်ကို ကောင်းမွန်တဲ့ ပွဲတစ်ပွဲပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် "သူတို့က အသင်းကောင်းတစ်သင်းဖြစ်သလို ရင်ဆိုင်ရတာလည်း ခက်ခဲတဲ့အသင်းပါ" လို့လည်း ဆိုပါတယ်။

ဒီနှစ်ဆန်းပိုင်းကစပြီး ဆော်လို့သ်ဟာ စုစုပေါင်း ၁၀ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူကပဲ "အခုလို ရာသီရဲ့ အဆုံးအဖြတ်ကာလတွေမှာ ခံစားချက် တကယ်ကောင်းနေပါတယ်။ ဂိုးရှေ့မှာ အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်တာဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ခံစားချက်မျိုးပါပဲ" လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။