ချာဟန်နိုဂလူကို အရခေါ်ယူသွားမယ်လို့ အင်တာမီလန်ကို ဂါလာတာစာရေး သတိပေး
ဂါလာတာစာရေးအသင်းရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ အဗ္ဗဒူလာ ကာဗူကူက ဒီနေ့မှာပဲ အင်တာမီလန်အသင်းအပေါ် ဖိအားတွေ ထပ်ပေးလိုက်ပါတယ်။
ဒီညမှာကစားမယ့် ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်မှာ ကာဗူကူက ဟာကန် ချာဟန်နိုဂလူကို ခေါ်ယူဖို့ ဂါလာတာစာရေးအသင်းက ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း အင်တာမီလန်ကို သတိပေးပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း အဲဒီတူရကီကွင်းလယ်လူကို ခေါ်ယူဖို့ ကြိုးစားခဲ့သလို အခုလာမယ့် နွေရာသီမှာလည်း ထပ်မံကြိုးစားသွားဦးမှာဖြစ်တယ်လို့ ကာဗူကူက ဝန်ခံခဲ့ပါတယ်။
၎င်းက Gazzetta.it သို့ ပြောကြားရာမှာ - "သူ့ကို စိတ်ဝင်စားနေတာကို ကျွန်တော်တို့ ဘယ်တုန်းကမှ ဖုံးကွယ်မထားခဲ့ပါဘူး။ သူဟာ တူရကီလက်ရွေးစင်အသင်းရဲ့ အိုင်ကွန်တစ်ခုဖြစ်သလို ကျွန်တော်တို့အသင်းရဲ့ ပရိသတ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဖြစ်မလဲဆိုတာ မသိပေမဲ့ တစ်နေ့နေ့မှာတော့ သူ ကျွန်တော်တို့အသင်းမှာ ကစားတာကို မြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ဆိုပါတယ်။
"ဇန်နဝါရီလတုန်းကလည်း ချာဟန်နိုဂလူကို ခေါ်ယူဖို့ တစ်ကျော့ပြန် ကြိုးစားခဲ့ပါသေးတယ်။ အင်တာမီလန် အသင်းစီမံခန့်ခွဲသူတွေနဲ့ ဆွေးနွေးခဲ့ပေမဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ကာလအတွင်းမှာ ဟာကန်ကို လက်လွှတ်မှာမဟုတ်ဘူးလို့ သူတို့ဘက်က အကြောင်းပြန်ခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ အင်တာမီလန်အသင်း (နယ်ရာဇူရီ) ကြားမှာ အပြောင်းအရွှေ့ကိစ္စတွေ အတည်မဖြစ်သေးဘူးဆိုပေမဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတော့ ရှိပါတယ်" လို့လည်း ၎င်းက ဆက်ပြောခဲ့ပါတယ်။
ကာဗူကူရဲ့ အခုလိုပြောကြားချက်တွေဟာ အင်တာမီလန်အသင်း ဘိုဒိုဂလင့်မ်အသင်းကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး နာရီပိုင်းအကြာမှာပဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။