The network connection is lost.

Banner Image

မက်ဂွါရီကို စာချုပ်သစ်ချုပ်ဆိုပေးဖို့ ယူနိုက်တက်ကို စတိဗ်ဘရုစ် တိုက်တွန်း

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမား စတိဗ်ဘရုစ်က ဟယ်ရီမက်ဂွါရီကို စာချုပ်သစ်ချုပ်ဆိုပေးဖို့ အသင်းကို တိုက်တွန်းလိုက်ပါတယ်။ မက်ဂွါရီဟာ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ လက်စတာအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ ရောက်ရှိလာပြီးနောက် ယူနိုက်တက်အတွက် ၂၆၁ ပွဲ ကစားပေးထားပြီး ၁၇ ဂိုး သွင်းယူပေးထားသူပါ။

ဒီနောက်ခံလူကို စာချုပ်သစ်ပေးသင့်၊ မပေးသင့်ဆိုတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ပရိသတ်တွေကြား သဘောထားကွဲလွဲမှုတွေ ရှိခဲ့သလို သူ့ရဲ့အနာဂတ်ကလည်း အမြဲတမ်း ငြင်းခုံစရာ ဖြစ်ခဲ့ပါတယ်။ အသက် ၃၂ အရွယ်ရှိပြီဖြစ်တဲ့ မက်ဂွါရီဟာ တစ်ချိန်က အသင်းရဲ့ အဆိုးရွားဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာတော့ အသင်းက အားအကိုးရဆုံး နောက်ခံလူတစ်ဦးအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာနိုင်ခဲ့ပါတယ်။

Daily Mail နဲ့ အင်တာဗျူးမှာတော့ စတိဗ်ဘရုစ်က ဒီနွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာ မက်ဂွါရီကို စာချုပ်သစ် ချုပ်ဆိုပေးသင့်တယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “မက်ဂွါရီဟာ အချိန်အတော်ကြာအောင် မတရား အပြစ်ပုံချတာကို ခံခဲ့ရတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူဟာ ယူနိုက်တက်ကိုရော အင်္ဂလန်အသင်းကိုပါ ဘယ်တုန်းကမှ စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး။ ကျွန်တော်ပြောသလိုပါပဲ၊ သူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် သူကပဲ အပြစ်ပုံချခံရတဲ့သူ ဖြစ်ခဲ့ရတာပါ။ သူ့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ရင်တောင် ကျွန်တော် မအံ့ဩပါဘူး။ ဘာလို့ မကမ်းလှမ်းရမှာလဲ? ဗဟိုနောက်ခံလူတွေဟာ အသက်ကြီးလာလေ ပိုကောင်းလာလေပဲ မဟုတ်လား။ သူ ကမ္ဘာ့ဖလား သွားရမယ်ဆိုရင်လည်း ကျွန်တော် မအံ့ဩပါဘူး။ သူက အတွေ့အကြုံကောင်းတွေ ရှိတယ်၊ အဆင့်မြင့်ဆုံး ပြိုင်ပွဲတွေမှာ ကစားခဲ့ဖူးတယ်၊ အင်္ဂလန်အတွက်လည်း အကောင်းဆုံး လုပ်ပေးခဲ့သူပါ။ အထူးသဖြင့် ပြီးခဲ့တဲ့ ၅ ပတ်၊ ၆ ပတ်လောက်မှာ သူဟာ ဘယ်လောက်အရည်အချင်းရှိတယ်ဆိုတာကို အားလုံး သိအောင် ပြန်ပြီး သတိပေးနိုင်ခဲ့ပါတယ်” လို့ ဘရုစ်က ဆိုပါတယ်။

မက်ဂွါရီဟာ လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် ၁၈၀,၀၀၀ ရရှိနေပြီး အတွေ့အကြုံနဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေ ရှိပေမဲ့ စာချုပ်သစ်မှာတော့ လစာ အနည်းငယ် လျှော့ယူရနိုင်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ နည်းပြ သောမတ်စ်တူချယ်ရဲ့ လက်အောက်မှာ နောက်ထပ် လအနည်းငယ်အတွင်း ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ ပါဝင်ကစားရမှာ ဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ သူ့ကို လက်မလွှတ်ရအောင် စာချုပ်သစ် အမြန်ဆုံး ချုပ်ဆိုထားသင့်တယ်လို့ ပရိသတ်အများအပြားကလည်း အကြံပြုနေကြပါတယ်။