ဗန်ပါစီနဲ့ ဗာဒီတို့အပါအဝင် သူ့အပေါ် လွှမ်းမိုးမှုအရှိဆုံး တိုက်စစ်မှူး ၄ ဦးကို ဟာလန်း ထုတ်ဖော်ပြောကြား
မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်းဟာလန်းက ဘောလုံးလောကရဲ့ နာမည်ကျော်ကစားသမားတွေ အပါအဝင် သူ့ကို အားကျစေခဲ့တဲ့ အကြီးမားဆုံး စံပြပုဂ္ဂိုလ် တိုက်စစ်မှူး ၄ ယောက်ရဲ့ အမည်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဟာလန်းဟာ အခုရာသီမှာပဲ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ကို အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီး စံချိန်ဟောင်းတွေကိုလည်း ဆက်တိုက်ချိုးဖျက်နေသူ ဖြစ်ပါတယ်။
ဒီနော်ဝေ တိုက်စစ်မှူးဟာ မန်စီးတီးအတွက် ၁၈၄ ပွဲ ကစားပေးထားရာမှာ ၁၅၃ ဂိုးအထိ သွင်းယူထားပြီး အခုရာသီ ပရီးမီးယားလိဂ် ၂၇ ပွဲမှာ ၂၂ ဂိုး သွင်းထားပါတယ်။ သူဟာ ဂိုးသွင်းအများဆုံးစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေသလို နောက်ထပ် ရွှေဖိနပ်ဆုတစ်ခုကို ရယူဖို့လည်း လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
TNT Sports နဲ့ စကားပြောဆိုရာမှာတော့ ဟာလန်းက သူ ပရီးမီးယားလိဂ်ကို မပြောင်းရွှေ့ခင်က ဘယ်သူတွေကို အားကျခဲ့လဲဆိုတာနဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေထဲက ဘယ်သူတွေကို စံနမူနာထားလဲဆိုတာ ထုတ်ဖော်ပြောပြခဲ့ပါတယ်။
"ကျွန်တော် ငယ်ငယ်တုန်းက ဇလာတန်အီဗရာဟီမိုဗစ် ကို အများကြီး ကြည့်ခဲ့ရပါတယ်။ သူက ဆွီဒင်လူမျိုးဖြစ်သလို သူ့ရဲ့ ကစားဟန်ကလည်း ကြည့်လို့ တကယ်ကောင်းပါတယ်။ နောက်ပြီး မန်စီးတီးပွဲတွေကို အမြဲကြည့်ဖြစ်တော့ ဆာဂျီယိုအဂူရိုကိုလည်း အများကြီး ကြည့်ဖြစ်ခဲ့ပါတယ်"
"နောက်တစ်ယောက်ကတော့ ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ ရော်ဘင်ဗန်ပါစီ ပါ။ သူကလည်း ဘယ်ခြေအားသန်တဲ့သူဖြစ်ပြီး အံ့ဩစရာကောင်းတဲ့ အဆုံးသတ်တွေကို ပြုလုပ်နိုင်သူပါ။ သူ အာဆင်နယ်မှာ တစ်ရာသီတည်း ၃၈ ဂိုးလောက် သွင်းခဲ့တာကို ကျွန်တော် မှတ်မိနေပါသေးတယ်။ အဲဒါက တကယ်ကို မယုံနိုင်စရာကောင်းတဲ့ ရာသီတစ်ခုပါပဲ"
"ဂျေမီ ဗာဒီတောင် ပါပါတယ်။ သူ့ရဲ့ ပြေးထွက်ပုံတွေက မြင်ရတာ တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်။ ကျွန်တော် တိုက်စစ်မှူး တော်တော်များများကို လေ့လာကြည့်ရှုခဲ့ပါတယ်" လို့ ဟာလန်းက ပြောကြားခဲ့ပါတယ်။
ဗာဒီဟာ ပရီးမီးယားလိဂ်မှာ ၁၃၆ ဂိုး သွင်းယူထားပြီး ဗန်ပါစီက ၁၄၄ ဂိုး၊ အဂွဲရိုးက ၁၈၄ ဂိုးနဲ့ အီဗရာဟီမိုဗစ်ကတော့ မန်ချက်စတာယူနိုက်တက်အတွက် ၅၃ ဂိုး သွင်းယူထားနိုင်ခဲ့တာပါ။
ဟာလန်းဟာ လက်ရှိမှာ အဂူရိုရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီဖို့ ကြိုးစားနေပြီး အကယ်၍ နောက်ရာသီကုန်အထိ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင် အဂူရိုရဲ့ ပရီးမီးယားလိဂ် စံချိန်ကို ကျော်ဖြတ်နိုင်ဖွယ် ရှိနေပါတယ်။ သူဟာ လောလောဆယ်မှာ လိဂ်အတွင်းက ဘယ်ကစားသမားထက်မဆို ၅ ဂိုး ပိုသွင်းထားပြီး ဒီတစ်ပတ်မှာတော့ ဂိုးတွေ ထပ်မံသွင်းယူနိုင်ဖို့အတွက် လိဒ်ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။