မတ်လမှာ ပြန်ကစားနိုင်ချေရှိတဲ့ ယူနိုက်တက်ကြယ်ပွင့် ဒေါ်ဂူ
ဒိန်းမတ်အသင်းနည်းပြ ဘရိုင်ယန်ရိုင်မာက ပက်ထရစ်ဒေါ်ဂူအနေနဲ့ မတ်လနိုင်ငံတကာပွဲစဉ်တွေမှာ ပြန်လည်ပါဝင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး ဒါဟာ ယူနိုက်တက်အတွက်တော့ အင်အားဖြစ်စေမယ့် သတင်းကောင်းတစ်ခုပါပဲ။
အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပက်ထရစ်ဒေါ်ဂူဟာ ဇန်နဝါရီလတုန်းက အာဆင်နယ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နောက်ပေါင်ကြွက်သား ဒဏ်ရာရရှိခဲ့တာကြောင့် လက်ရှိမှာ အနားယူနေရတာ ဖြစ်ပါတယ်။
ပက်ထရစ်ဒေါ်ဂူဟာ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ လက်အောက်မှာ ခြေစွမ်းပြနေသူဖြစ်ပြီး အာဆင်နယ်ကို အဲမရိတ်ကွင်းမှာ အနိုင်ရခဲ့တဲ့ပွဲမှာရော၊ မန်စီးတီးကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာပါ ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။
သတင်းထောက်တွေကို ပြောကြားရာမှာတော့ နည်းပြ ရိုင်မာက ပက်ထရစ်ဒေါ်ဂူဟာ မတ်လ ၂၆ ရက်နေ့မှာ ကစားမယ့် မြောက်မက်စီဒိုးနီးယားနဲ့ ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်မှာ ဒိန်းမတ်အသင်းအတွက် အဆင်သင့်ဖြစ်နေစေဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
၎င်းက "လက်ရှိမှာတော့ ယူနိုက်တက်ဘက်က သူ့ကို ဒဏ်ရာရနေသူစာရင်းမှာ ထည့်သွင်းထားပြီး ဧပြီလအထိ အနားယူရမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ပက်ထရစ်ကတော့ အမြန်ဆုံးပြန်ကစားနိုင်ဖို့ မျှော်လင့်ချက်အပြည့် ရှိနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အခု သူလေ့ကျင့်ရေးခန်းမထဲမှာ အားသွန်ခွန်စိုက် ကြိုးစားနေရတဲ့ အဓိကတွန်းအားကတော့ အားလုံးကို ကျော်ဖြတ်ပြီး အဲဒီပွဲမှာ ပါဝင်ကစားချင်နေတာကြောင့်ပါပဲ။ ဖြစ်နိုင်ခြေရှိနေသရွေ့တော့ သူ့ရဲ့ဒီအိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော်က ကူညီပေးသွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။