အတ္တလန္တာမှာ ၁၉၉၄ ခုနှစ်က ဘာရေစီရဲ့ ခြေစွမ်းပြီးရင် ပါဆာလစ်ရဲ့ ခြေစွမ်းက အကောင်းဆုံးပဲလို့ ကော်စတာကာတာ ချီးကျူး
ဗုဒ္ဓဟူးန့ညက ချန်ပီယံလိဂ် ပလေးအော့ဖ်ပွဲစဉ်မှာ အတ္တလန္တာအသင်းက ဒေါ့မွန်ကို အံ့အားသင့်ဖွယ် အနိုင်ယူပြီး နောက်တစ်ဆင့်တက်ခဲ့တဲ့ပွဲမှာ မာရီယို ပါဆာလစ်ရဲ့ ထူးချွန်တဲ့ ခြေစွမ်းပြမှုအပေါ် အေစီမီလန် ဂန္ထဝင်ကစားသမားကြီး ဘီလီ ကော်စတာကာတာက ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
အဲဒီပွဲမှာ အတ္တလန္တာက ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးနဲ့အတူ ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ကာ ပါဆာလစ်ကလည်း အသင်းအတွက် ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ခရိုအေးရှား လက်ရွေးစင်ကစားသမားရဲ့ ခြေစွမ်းအပေါ် ကော်စတာကာတာက အံ့အားသင့်နေပြီး "အတ္တလန္တာဟာ ထိပ်တန်းအသင်းတွေထဲက တစ်သင်း ဖြစ်လာပါပြီ" လို့ ပြောခဲ့ပါတယ်။
"ဒီလို အောင်မြင်မှုမျိုးကို လူတိုင်း မလုပ်ဆောင်နိုင်ပါဘူး၊ အထူးသဖြင့် တစ်ဦးချင်း ခြေစွမ်းပိုင်းကနေ ကြည့်ရင်တောင် ဒီလိုစွမ်းဆောင်ရည်မျိုးက တကယ့်ကို ထူးခြားပါတယ်။ ပါဆာလစ်ကတော့ အထူးချီးကျူးဖို့ ထိုက်တန်ပါတယ်။ ၁၉၉၄ ခုနှစ်တုန်းက ဘာရေစီရဲ့ ခြေစွမ်းပြီးရင် အသင်းကို အခုလိုမျိုး ကောင်းကောင်းမွန်မွန် ဦးဆောင်နိုင်တဲ့ ကစားသမားမျိုး ကျွန်တော် မတွေ့ဖူးတော့ပါဘူး" လို့ ၎င်းက ဆိုပါတယ်။
ကော်စတာကာတာ ရည်ညွှန်းပြောဆိုခဲ့တာကတော့ ၁၉၉၄ ကမ္ဘာ့ဖလားမှာ အီတလီအသင်း ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့စဉ်က ဖရန်ကို ဘာရေစီရဲ့ အံ့အားသင့်ဖွယ် ပြန်လာနိုင်မှုအကြောင်း ဖြစ်ပါတယ်။ အဲဒီ မီလန်ဂန္ထဝင်ကြီးဟာ အဖွင့်ပွဲစဉ်မှာတင် ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိခဲ့လို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရပေမဲ့ ဗိုလ်လုပွဲအမီ အံ့ဩဖွယ် ပြန်လည်ကစားနိုင်ခဲ့တာပါ။
အဲဒီ ဗိုလ်လုပွဲမှာ ဘရာဇီးအသင်းက ပင်နယ်တီနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့ပေမဲ့ အဲဒီနောက်ခံလူ ဘာရေစီ ကတော့ ကွင်းအတွင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။