The network connection is lost.

Banner Image

ရှလော့တာဘတ်ချ်ရဲ့အနီကတ်ပြစ်ဒဏ်အတွက် ဝေဖန်သံတွေ ထွက်ပေါ်လာ

ဘာဂါမိုမှာကစားခဲ့တဲ့ပွဲစဉ်မှာ ဒေါ့မွန်အသင်းရှုံးနိမ့်ခဲ့ပြီးနောက် ပွဲပြီးခါနီးအချိန် အနီကတ်ပြသခံရတဲ့ နောက်ခံလူရှလော့တာဘတ်ချ်ရဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ ကစားသမားကိုယ်တိုင်ရော၊ နည်းပြနီကိုကိုဗက်က ဖွင့်ဟပြောဆိုလာပါတယ်။

အတ္တလန္တာနဲ့ ဒေါ့မွန်တို့ထိပ်တိုက်တွေ့ဆုံမှုရဲ့ နောက်ဆုံးမိနစ်တွေမှာ စပိန်ဒိုင်လူကြီးဟိုဆေးမာရီယာဆန်းချက်ဇ်မာတီနက်ဇ်က အနီကတ်ပြစ်ဒဏ်သုံးခုအထိ ချမှတ်ခဲ့ပါတယ်။ ဆမာဒစ်က ပင်နယ်တီသွင်းဂိုးဖြင့် အတ္တလန္တာတို့ ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့်မတက်ရောက်နိုင်ခင် အခိုက်အတန့်လေးမှာ ကွင်းလယ်ဒိုင်က ရှလော့တာဘတ်ချ်၊ စကယ်လ်ဗီနီနဲ့ ဘင်စီဘိုင်နီတို့ကို အနီကတ်ပြသခဲ့ပါတယ်။

အယ်လ်ဂျီးရီးယားနောက်ခံလူဘင်စီဘိုင်နီက ကာစတိုဗစ်ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့ ဒုတိယမြောက်အဝါကတ်မှတစ်ဆင့် အနီကတ်ပြခံခဲ့ရပေမဲ့ ကျန်ကစားသမားနှစ်ဦးကတော့ အရန်ခုံတန်းမှာ စကားများခဲ့ကြလို့ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတာပါ။ အသက် ၂၆ နှစ်အရွယ်ဗဟိုခံစစ်မှူးရှလော့တာဘတ်ချ်က "ဖြစ်ပျက်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး တစ်ခုခုရှင်းပြချင်ပါတယ်" လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ကစားသမားသက်တမ်းတလျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အနီကတ်ပြခံရတဲ့ ရှလော့တာဘတ်ချ်က "အတ္တလန္တာကစားသမား ၁၀ ဦးလောက်က တစ်ပြိုင်နက်ထခုန်ပြီး အော်ဟစ်ကန့်ကွက်နေကြသလို ကျွန်တော်ခံစားမိခဲ့တယ်။ ဒါကြောင့် ကျွန်တော်လည်း မတ်တတ်ထရပ်ပြီး သူတို့ကို ပြန်ထိုင်ဖို့ ပြောခဲ့ပါတယ်။ ဒါပါပဲ။ ဆဲဆိုတာတွေ၊ မလေးမစားလုပ်တာတွေ ဒါမှမဟုတ် တခြားအရာတွေ ဘာမှမလုပ်ခဲ့ပါဘူး" လို့ ဆိုပါတယ်။

"ပွဲပြီးသွားတဲ့အထိတောင် ဒိုင်လူကြီးက ကျွန်တော့်ကို ဘာကြောင့်အနီကတ်ပြတာလဲဆိုတာ ရှင်းမပြနိုင်ခဲ့ဘူး။ အဲဒါလေးကိုပဲ ရှင်းရှင်းလင်းလင်း သိစေချင်တာပါ" လို့ သူက ဆက်ပြောပါတယ်။

ရှလော့တာဘတ်ချ်နဲ့ ဘင်စီဘိုင်နီတို့က လာမယ့်ရာသီ၊ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်နဲ့အတူ လွဲချော်သွားပါလိမ့်မယ်။ နာမည်ကြီးနောက်ခံလူအတွက် ဒိုင်လူကြီးရဲ့ရှင်းပြချက် မရရှိခဲ့ပေမဲ့ ဒေါ့မွန်နည်းပြကတော့ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

"ရှလော့တာဘတ်ချ်ကို အပြစ်ပြောလို့ရမယ့် တစ်ခုတည်းသောအချက်က အတ္တလန္တာအသင်းရဲ့ဧရိယာဘက်ခြမ်းဆီ ဝင်ရောက်မိသွားတာပါပဲ။ နည်းပြတစ်ဦးအတွက် အခြားအသင်းရဲ့နည်းပြဇုန်ဆီ ဝင်ခွင့်မရှိပါဘူး။ ဒါက တစ်ခုတည်းသောအကြောင်းပြချက် ဖြစ်နိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီအချက်မှလွဲရင် တခြားဘာမှမရှိလို့ပါ" လို့ နီကိုကိုဗက်က ဆိုပါတယ်။

ကြွက်သားဒဏ်ရာမှ ပြန်သက်သာလာခဲ့တဲ့ ရှလော့တာဘတ်ချ်က အခုပွဲစဉ်ကို ပွဲကစားချိန်မရရှိတဲ့ အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ပါတယ်။ သူက ရိုင်ယာဆန်မပါဝင်နိုင်တဲ့ လာမယ့်စနေနေ့၊ ဘိုင်ယန်မြူးနစ်ကို ဧည့်ခံကစားမယ့်ပွဲစဉ်မှာ ဒေါ့မွန်ရဲ့ပွဲထွက်လူစာရင်းဆီ ပြန်လည်ဝင်ရောက်လာနိုင်ပါတယ်။