ပြိုင်ဘက်ဆီ ပယ်နယ်တီအခွင့်အရေးပေးခဲ့ရတဲ့ အမှားအတွက် တောင်းပန်လိုက်တဲ့ ကိုဘယ်လ်
အတ္တလန္တာနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ သူရဲ့အမှားကြောင့် ပြိုင်ဘက်ကို ဂိုးပေးလိုက်ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှ ဒေါ့မွန်အသင်း ထွက်ခွာလာရတယ်လို့ ကိုဘယ်လ်က ဝန်ခံပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ ပထမအကျော့မှာ အတ္တလန္တာကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိထားတဲ့ ဒေါ့မွန်က ဗုဒ္ဓဟူးနေ့၊ ဘာဂါမိုမှာကစားခဲ့တဲ့ပွဲစဉ်အတွင်း ၄-၁ ဂိုးဖြင့် အရေးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာလာရပါတယ်။
ပွဲစဉ်အပြီးအင်တာဗျူးမှာ ဒေါ့မွန်ဂိုးသမားကိုဘယ်လ်က ဆမာဒစ်သွင်းယူသွားတဲ့ စတုတ္ထမြောက်ပင်နယ်တီဂိုးအတွက် သူ့ဆီမှာ တာဝန်အပြည့်ရှိတယ်လို့ ဆိုပါတယ်။
ဆွစ်ဇာလန်ဂိုးသမားရဲ့ဘောလုံးပေးပို့ပုံအမှားကြောင့် အတ္တလန္တာက ဒေါ့မွန်အတွက် အန္တရာယ်ရှိတဲ့နေရာမှာ ဘောလုံးရရှိသွားခဲ့ပြီး အဲဒီနောက်မှာ ဘင်စီဘိုင်နီ ပြစ်ဒဏ်ကျူးလွန်မိလို့ ပြိုင်ဘက်ဆီ အဆုံးအဖြတ်ပင်နယ်တီကန်ခွင့် ပေးအပ်ခဲ့ရပါတယ်။
" အဆုံးမှာတော့ ဒါက ကျွန်တော့်ရဲ့အမှားပဲ ဖြစ်ပါတယ်။ အသင်းဖော်တွေအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ဘောလုံးလောကက တစ်ခါတလေမှာ အရမ်းရက်စက်တတ်ပါတယ်" လို့ ကိုဘယ်လ်က ပြောပါတယ်။
ဘောလုံးကို အဝေးဆီကန်မထုတ်ဘဲ ဘာကြောင့် အနီးကပ်ပေးဖို့ ရွေးချယ်ခဲ့သလဲဆိုတာကိုလည်း သူက အခုလို ထပ်လောင်းရှင်းပြပါတယ်။
"ပထမတော့ ဘောလုံးကိုကန်ထုတ်ဖို့ပဲ စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ တစ်ခါတလေကျရင် စက္ကန့်ပိုင်းအတွင်းမှာပဲ ဆုံးဖြတ်ချက်ချရတာမျိုး ရှိပါတယ်။ တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း အခုထက်ပိုပြီး ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့သင့်ပါတယ်"လို့ သူက ပြောပါတယ်။
လတ်တလောမှာ ဒေါ့မွန်က လာမယ့်စနေနေ့၊ ဘိုင်ယန်မြူးနစ်နဲ့ရင်ဆိုင်ရမယ့် ဘွန်ဒက်စ်လီဂါပွဲကြီးပွဲကောင်းဆီ အာရုံစိုက်သွားရပါမယ်။
"အခုတော့ အချိန်သိပ်မရှိတော့လို့ ကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေပြန်စုစည်းပြီး ရှေ့ဆက်သွားဖို့ပဲ ရှိပါတယ်" လို့ ကိုဘယ်လ်က ဆိုပါတယ်။