ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာလာရမှုအပေါ် မှတ်ချက်ပေးပြောကြားလာတဲ့ ဒေါ့မွန်နည်းပြကိုဗက်
အတ္တလန္တာအသင်းကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာလာရပြီးနောက် ဒေါ့မွန်နည်းပြနီကိုကိုဗက်က ကောင်းမွန်တဲ့ကစားကွက်တစ်ခုဖော်ဆောင်ဖို့ သူ့ရဲ့အသင်းပျက်ကွက်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့၊ အတ္တလန္တာနဲ့ပွဲစဉ်မှာ ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ဒေါ့မွန်အသင်းရဲ့ခြေစွမ်းပိုင်းကို နီကိုကိုဗက်ကိုယ်တိုင် စိတ်ပျက်လက်ပျက်ဖြစ်နေပြီး အခုရလဒ်ပိုင်းကြောင့် ဘွန်ဒက်စ်လီဂါကလပ်အသင်းက နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာလာခဲ့ပါတယ်။
ခရိုအေးရှားလူမျိုးနည်းပြကြီးက အခုလိုအဆင့်မြင့်ပြိုင်ပွဲမျိုးမှာ လုံးဝခွင့်မလွှတ်နိုင်စရာအမှားအယွင်းတွေကို သူ့ရဲ့အသင်း ကျူးလွန်ခဲ့တယ်လို့ ယူဆနေပါတယ်။
"ခြုံပြောရရင်တော့ ဒီနေ့ပွဲစဉ်မှာ ကျွန်တော်တို့တွေ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး" လို့ ပွဲအပြီး အင်တာဗျူးမှာ ကိုဗက်က ဆိုပါတယ်။
"ချန်ပီယံလိဂ်လိုပြိုင်ပွဲမျိုးမှာ ၄ ဂိုးအထိ ပေးလိုက်ရပြီဆိုရင် ပြန်လာဖို့ဆိုတာ ခက်ခဲသွားပါပြီ။ ဂိုးတွေပေးလိုက်ရတဲ့အချိန်တွေမှာ ကျွန်တော်တို့ အာရုံစူးစိုက်မှုအပြည့်အဝမရှိခဲ့ဘဲ အမှားတွေ ကျူးလွန်မိခဲ့တယ်။ ချန်ပီယံလိဂ်မှာ ဒီလိုအမှားမျိုးတွေကြောင့် အပြစ်ပေးခံရလေ့ရှိပြီး အခုလိုဖြစ်သွားတဲ့အပေါ် ကျွန်တော်တို့ တကယ်ပဲစိတ်မကောင်းဖြစ်မိပါတယ်။ ဒါမျိုး လုံးဝမဖြစ်သင့်ပါဘူး။ ကျွန်တော်တို့က ဘွန်ဒက်လီဂါကလပ်အသင်းတစ်ခုဖြစ်ပြီး ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ကျော်ဖြတ်နိုင်ရပါမယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။