The network connection is lost.

Banner Image

ပရီမီးယားလိဂ်နဲ့အသားကျဖို့ ကြိုးစားနေရဆဲပဲလို့ အတိအလင်းဝန်ခံလိုက်တဲ့ ဖလော်ရီယန်ဝစ်ဇ်

ဖလော်ရီယန်ဝစ်ဇ်က ပရီးမီးယားလိဂ်ရဲ့ခက်ခဲကြမ်းတမ်းပြင်းထန်မှုနဲ့ အသားကျဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ ဝန်ခံလိုက်ပြီး လီဗာပူးကစားသမားဘဝပထမဆုံးသွင်းဂိုးကို ဘယ်အချိန်မှာသွင်းယူနိုင်မလဲဆိုတာ မသိသေးပါဘူးလို့ ရှင်းပြခဲ့ပါတယ်။ နိုင်ငံ့လက်ရွေးစင်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့ ဂျာမန်ကွင်းလယ်ဖန်တီးရှင်က ဥရောပရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးလိဂ်ပြိုင်ပွဲတစ်ခုဆီ ခြေချလာပြီးနောက် အင်္ဂလန်မှာ သူ့ရဲ့ခြေရာတွေ ချမှတ်နိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

လတ်တလောမှာ ဖလော်ရီယန်ဝစ်ဇ်က မြောက်အိုင်ယာလန်ကိုအနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွင်း ဂျာမနီအတွက် အံ့အားသင့်ဖွယ်ဖရီးကစ်သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အခုလိုတောက်ပလှတဲ့ အခိုက်အတန့်ကို ကိုလုံးမှာရှိနေသောပရိသတ်ထုကြီးရဲ့ဝေဖန်သံတွေ တခဲနက်ရရှိခဲ့တဲ့ နာဂယ်စ်မန်းရဲ့အသင်း စွမ်းဆောင်ရည်ပိုင်းက ဖုံးလွှမ်းသွားခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အဆုံးသတ်မှာတော့ ဂါနာဘရီ၊ အေမီရီတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ဂျာမနီက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အလားတူ မာဆေးဆိုဒ်ရဲ့ပရီးမီးယားလိဂ်ရာသီအဖွင့်မှာလည်း လီဗာပူးက ဘုန်းမောက်၊ နယူးကာဆယ်၊ အာဆင်နယ်တို့ကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ ဖလော်ရီယန်ဝစ်ဇ်ရဲ့သွင်းဂိုးကိုတော့ မမြင်တွေ့ခဲ့ရပါဘူး။ ပွဲစဉ်တိုင်းက ဂျာမန်သားအတွက် မတူညီတဲ့ပုံစံမျိုးနဲ့ ရောက်ရှိလာပြီး အသင်းနဲ့လိုက်လျောညီထွေရှိဖို့ အပြင်းအထန်ကြိုးစားအားထုတ်သွားရနိုင်ပါတယ်။

ဂျာမနီအသင်းရဲ့ တနင်္လာနေ့ပွဲစဉ်အပြီး RTL သတင်းဌာနနဲ့တွေ့ဆုံချိန် အင်္ဂလန်ဘောလုံးလောကရဲ့ ထူးခြားတဲ့တောင်းဆိုမှုများနဲ့ပတ်သက်လို့ ဖလော်ရီယန်ဝစ်ဇ်က “ ဒါဟာ နောက်ထပ်လိဂ်ပြိုင်ပွဲတစ်ခု၊ နောက်ထပ်ဘောလုံးကစားဟန်တစ်ခု ဖြစ်ပါတယ်။ အဲ့ဒီမှာရှိနေရလို့ ကျွန်တော် ကျေနပ်ပျော်ရွှင်မိပါတယ်။ ကျွန်တော့်ရဲ့ပထမဆုံးဂိုးကို ဘယ်အချိန်မှာသွင်းယူနိုင်မလဲဆိုတာ မသိသေးပါဘူး။ လာမယ့်ပွဲစဉ်မှာ သွင်းယူနိုင်ဖို့တော့ မျှော်လင့်ထားတာပေါ့။ တစ်ချိန်ချိန်မှာ ဖြစ်လာပါလိမ့်မယ်”လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

လီဗာပူးရဲ့လာမယ့်ပွဲစဉ်တွေက ဖလော်ရီယန်ဝစ်ဇ်ရဲ့အစွမ်းအစတွေ ထုတ်ပြနိုင်ဖို့ နေရာလွတ်နဲ့ လွတ်လပ်ခွင့်တွေ ပိုမိုပေးစွမ်းနိုင်ပါလိမ့်မယ်။ ကြိုးကြာနီတွေက လာမယ့်သီတင်းပတ်တွေအတွင်း ဘန်လေနဲ့ Turf Moor ကွင်းပွဲစဉ်၊ အဲဗာတန်နဲ့ အန်ဖီးလ်ကွင်းပွဲစဉ်တို့ကို ရင်ဆိုင်ယှဉ်ပြိုင်ကစားရပါမယ်။