The network connection is lost.

Banner Image

၂၀၂၄-၂၅ ရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါအမှတ်ပေးဖလားကို ဘိုင်ယန်မြူးနစ်ဆွတ်ခူး

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ လေဗာကူဆင်က ဖရိုင်းဘတ်ကို ၂-၂ နဲ့သရေကျခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက ဘိုင်ယန်မြူးနစ်ဟာ ရာသီကုန်ဖို့ ၂ ပွဲအလိုမှာပဲ ၂၀၂၄-၂၅ ဘွန်ဒက်စ်လီဂါအမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

စနေနေ့က ဘိုင်ယန်မြူးနစ်ဟာ လိုက်ပ်ဇစ်ကို ၃-၃ နဲ့သရေကျခဲ့တာကြောင့် ဒုတိယနေရာက လေဗာကူဆင်အနေနဲ့ ဆုဖလားအတွက် မျှော်လင့်ချက်ရှိခဲ့သေးပေမယ့် ယခုအခါမှာ ဖရိုင်းဘတ်ကို အနိုင်ကစားနိုင်ခဲ့ခြင်းမရှိလို့ ဆုဖလားကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ 

ယခုနှစ် ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ အသင်းသမိုင်းတစ်လျှောက် စံချိန်တင် ၃၃ ကြိမ်မြောက်အမှတ်ပေးဖလားချန်ပီယံဖြစ်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက ဘွန်ဒက်စ်လီဂါအမှတ်ပေးဖလားကို နှစ်စဉ်နှစ်တိုင်း ဆွတ်ခူးခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ရာသီမှာတော့ ချန်ပီယံဆုကို လေဗာကူဆင်ထံ လွှဲအပ်ပေးခဲ့ရပြီး အမှတ်ပေးဇယားရဲ့ တတိယနေရာမှာသာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ 

သို့သော်လည်း ဒီရာသီမှာ ဗင်းဆင့်ကွန်ပနီရဲ့ ဦးဆောင်မှုနဲ့အတူ ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံဂုဏ်ပုဒ်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီ ဘွန်ဒက်စ်လီဂါ ၃၂ ပွဲကစားပြီးချိန်မှာ ဘိုင်ယန်မြူးနစ်ဟာ ၂၃ ပွဲအထိနိုင်ပွဲရခဲ့ပြီး ၇ ပွဲသရေကျကာ ၂ ပွဲသာရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ကွန်ပနီရဲ့အသင်းဟာ ၃၂ ပွဲအတွင်းတိုက်စစ်က ၉၃ ဂိုးအထိသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီဆုဖလားဟာ နည်းပြကြီး ကွန်ပနီအတွက် ဘိုင်ယန်မြူးနစ်နည်းပြဘဝ ပထမဆုံးဆုဖလားဖြစ်သလို၊ တိုက်စစ်မှူး ဟယ်ရီကိန်းအတွက်လည်း ကစားသမားဘဝတစ်လျှောက် ပထမဆုံးဆုဖလားဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးမီက ဘွန်ဒက်စ်လီဂါ ပွဲ ၅၀၀ ပြည့်မြောက်ခဲ့တဲ့ အသင်းရဲ့ဝါရင့်ကစားသမား သောမတ်စ်မူလာအတွက် ယခုနှစ် ဘွန်ဒက်စ်လီဂါဖလားဟာ ၁၃ ကြိမ်မြောက်ဖြစ်တယ်လို့သိရပါတယ်။ 

ချန်ပီယံဆုကိုဆွတ်ခူးခဲ့ပြီဖြစ်တဲ့ ကွန်ပနီရဲ့အသင်းဟာ လက်ကျန်ဘွန်ဒက်စ်လီဂါ ၂ ပွဲမှာတော့ မိုချန်ဂလာဘတ်၊ ဟော့ဖန်ဟိမ်းတို့နဲ့ ဆက်လက်ကစားဖို့ကျန်ရှိနေပါသေးတယ်