The network connection is lost.

Banner Image

ပီရီးယပ်စ်မြေအောင်ပွဲအပြီး ဒုတိယအကျော့ပွဲစဉ်ဆီ မျှော်လင့်နေတဲ့ ဟုချ်မန်း

လေဗာကူဆင်နည်းပြဟုချ်မန်းက ပက်ထရစ်ရှခ်ရဲ့ လျှပ်တပြက်ဦးဆောင်ဂိုးနှစ်ဂိုးမရခင်အထိ သူ့အသင်းအတွက် စိတ်ပျက်စရာညတစ်ခု ဖြစ်လာဦးမလားဆိုပြီး စိုးရိမ်နေခဲ့ပါတယ်။ 

အိုလံပီယာကို့စ်အသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ပထမအကျော့ပွဲစဉ်အပြီး ဟုချ်မန်းက ပီရီးယပ်စ်ကွင်းမှာ သူ့အသင်းအတွက် ကံဆိုးမှုတွေထပ်ဖြစ်လာဦးမလားဆိုပြီး အချိန်အတော်ကြာကြောက်ရွံ့နေခဲ့မိတယ်လို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။

"ကျွန်တော်တို့အသင်း အပိုင်အခွင့်အရေးနှစ်ကြိမ်၊သုံးကြိမ်လောက် လွဲချော်သွားတော့ 'ဟာ... အဲ့ဒီလိုမျိုး ပြန်ဖြစ်ဦးမှာလား'ဆိုပြီး တွေးမိခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ပက်ထရစ်ရှခ်က အပြောင်းအလဲလုပ်ပေးခဲ့ပြီး ပထမဦးဆောင်ဂိုးက ကျွန်တော်တို့အသင်းကို တည်ငြိမ်သွားစေပါတယ်" လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး "ကျွန်တော်တို့တွေ ကိုယ့်ပုံစံအတိုင်း ကစားနိုင်ခဲ့သလို ပွဲကိုလည်း ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပြိုင်ဘက်အသင်းရခဲ့တဲ့ အခွင့်အရေးတွေကတော့ အဝေးကန်ချက်တွေပဲ ရှိပါတယ်။ အဝေးကွင်းပွဲစဉ်မှာ ရလဒ်ကောင်းတစ်ခုရခဲ့ပေမဲ့ ဒါဟာ ပထမအကျော့ပဲ ရှိပါသေးတယ်။ ဒုတိယအကျော့ပွဲစဉ်ကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေပါတယ်" လို့လည်း ပြောကြားခဲ့ပါတယ်။

လာမယ့်အင်္ဂါနေ့ညမှာ ဒုတိယအကျော့ပွဲစဉ်ကစားဖို့ရှိနေပြီး နှစ်ဂိုးအသာစီးရရှိထားမှုအပေါ် မှိန်းမောမနေဘဲ အိုလံပီယာကို့စ်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို သတိထားကြဖို့ အသင်းဆီ ဟုချ်မန်းက တိုက်တွန်းခဲ့ပါတယ်။

"ကျွန်တော်တို့က ပြိုင်ဘက်ကို လေးစားသလို သူတို့ရဲ့အရည်အချင်းတွေကိုလည်း သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မစိုးရိမ်ပါဘူး။ ကျွန်တော်တို့မှာလည်း အရည်အချင်းတွေ အများကြီးရှိပြီး ကိုယ့်ခြေစွမ်းအတိုင်းသာကစားနိုင်ရင် ကျွန်တော်တို့ဟာ အသင်းကောင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အကောင်းဆုံးခြေစွမ်းဆီ မရောက်သေးပါဘူး။ သင်ယူစရာတွေ၊ ပြင်ဆင်စရာတွေ ရှိနေပါသေးတယ်။ ဒါက အသင်းအတွက် သတင်းကောင်းဖြစ်သလို ဒီအသင်းမှာ အလားအလာကောင်းတွေ အများကြီး ရှိနေတာကိုလည်း မြင်နေရပါတယ်" လို့ ဆိုပါတယ်။

"ကျွန်တော်တို့က အစုအဖွဲ့သစ်တစ်ခုဖြစ်လို့ သင်ယူနေဆဲ၊ ပိုကောင်းအောင် ကြိုးစားနေကြဆဲပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သုံးရက်တစ်ပွဲနှုန်းနဲ့ ၁၁ ပွဲဆက်တိုက်ကစားရမယ့် ပွဲစဉ်ဇယားက တကယ့်ကို ကျပ်တည်းလွန်းပါတယ်။ ဒါက ကောင်းမွန်တဲ့ပွဲစဉ်ဇယားဖြစ်သလို တစ်ဖက်မှာလည်း တကယ့်ကို ခက်ခဲလွန်းပါတယ်" လို့ သူက ရှင်းပြခဲ့ပါတယ်။