အိုလံပီယာကို့စ်ရဲ့ပွဲစဉ်အတွင်း ခြေစွမ်းပိုင်းကို ကျေနပ်အားရနေတဲ့ လေဗာကူဆင်တိုက်စစ်မှူးပက်ထရစ်ရှခ်
ချက်တိုက်စစ်မှူးက အိုလံပီယာကို့စ်နဲ့ ပထမအကျော့ပွဲစဉ်မှာ အနိုင်ရရှိဖို့အတွက် အရေးပါတဲ့အဖိုးတန်နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရနေပါတယ်။
ချန်ပီယံလိဂ်အုပ်စုအဆင့်၊ ပီရေးယပ်စ်မှာ ထိပ်တိုက်တွေ့ဆုံချိန် ရှုံးနိမ့်ခဲ့ဖူးပေမဲ့ အခုပွဲစဉ်မှာတော့ လေဗာကူဆင်က တိုက်စစ်မှူးပက်ထရစ်ရှခ်ရဲ့သွင်းဂိုးတွေနဲ့အတူ အိုလံပီယာကော့စ်ကို ၂-၀ ဂိုးဆိုတဲ့ရလဒ်ဖြင့် ပြန်အနိုင်ယူခဲ့ပါတယ်။
“ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလိုပဲ အခက်အခဲတွေက အတူတူပါပဲ။ ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့ပေမဲ့ ပထမပိုင်းမှာတော့ အခွင့်အရေးတွေရပြီး ဂိုးမရခဲ့တဲ့ ယခင်ပြဿနာမျိုးနဲ့ ထပ်ကြုံခဲ့ရပြန်ပါတယ်။
ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ပိုတိုးတက်လာပြီး နှစ်ဂိုးသွင်းနိုင်ခဲ့သလို ဂိုးမပေးရအောင်လည်း ထိန်းထားနိုင်ခဲ့ပါတယ်။ ဒါဟာ တကယ်ကို အရေးကြီးတဲ့အချက်ပါပဲ” လို့ ချက်လက်ရွေးစင်ကစားသမားက ပွဲအပြီးတွေ့ဆုံမေးမြန်းခန်းမှာ UEFA.com ဆီ ပြောကြားခဲ့ပါတယ်။
UEFA ရဲ့ ပွဲစဉ်အကောင်းဆုံးကစားသမားဆု (Man of the Match) ကို ရရှိခဲ့တဲ့ အသက် ၃၀ အရွယ် တိုက်စစ်မှူးက ပထမအကျော့မှာ အနိုင်ရလဒ်ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ သူ့ရဲ့ သွင်းဂိုးနှစ်ဂိုးအပေါ် အတိုင်းထက်အလွန် ကျေနပ်နေပါတယ်။
“တိုက်စစ်မှူးတစ်ယောက်အနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်။ တစ်ခါတလေမှာ အခွင့်အရေးတစ်ခုရဖို့အတွက် ပွဲပြီးတဲ့အထိ စောင့်ရတာမျိုး ရှိတတ်ပါတယ်။ အမြဲတမ်းအသင့်ဖြစ်နေဖို့ဆိုတာ တိုက်စစ်မှူးတွေရဲ့အလုပ်ပါပဲ။ ဒီနေ့မှာတော့ ကျွန်တော် နေရာမှန်မှာ ရှိနေခဲ့ပါတယ်။
ဘွန်ဒက်လီဂါ ဆောင်းရာသီအားလပ်ရက်အပြီး အစပိုင်းမှာ ကျွန်တော်တို့ခက်ခဲခဲ့ပေမဲ့ အခုတော့ အများကြီး ပိုကောင်းလာပါပြီ။ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ ဘယ်လောက်အထိခရီးဆက်နိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်” လို့ ရှခ်က ပြောကြားခဲ့ပါတယ်။