The network connection is lost.

Banner Image

ကမ္ဘာ့ဖလားဆင်နွှဲဖို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ပစ်မှတ်ထားနေတဲ့ ဘင်ဂျမင်ဟင်နရစ်ခ်ျ

ကာလရှည်ဒဏ်ရာရရှိမှုမှ ပြန်လာနိုင်ပြီးနောက် ဘင်ဂျမင်ဟင်နရစ်ချ်က ဂျာမနီအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲဖို့နဲ့ လိုက်ပ်ဇစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ဆိုတဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကို ချမှတ်ထားပါတယ်။

ခြေဖနောင့်ကြွက်သားပြတ်တောက်ဒဏ်ရာကြောင့် လပေါင်းများစွာအနားယူခဲ့ရပြီးနောက် ဘင်ဂျမင်ဟင်နရစ်ခ်ျက အခုအချိန်မှာ ကြံ့ခိုင်မှုပြန်လည်ပြည့်၀နေပါပြီ။

လိုက်ပ်ဇစ်ရဲ့နောက်ဆုံးပွဲစဉ်နှစ်ခုမှာ ပွဲထွက်ခွင့်ရရှိခဲ့တဲ့ ဒီညာနောက်ခံလူက ဂျာမနီလက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာလည်း နေရာတစ်နေရာရဖို့ ကြိုးစားနေပါတယ်။

"ဒါဟာ ဖြစ်နိုင်ခြေရှိတဲ့အရာလို့ ကျွန်တော်ယူဆသလို ယုံကြည်မှုအပြည့်နဲ့လည်း ချဉ်းကပ်နေပါတယ်။ ကျွန်တော် ဆက်ပြီး အပြင်းအထန်ကြိုးစားသွားရမယ်ဆိုတာ သိပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်လို့ ပြောနိုင်ချင်တယ်" လို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာ ဂျာမနီအသင်းအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ကစားသမားက Sky Germany ဆီ ပြောကြားခဲ့ပါတယ်။

ကလပ်အသင်းအဆင့်မှာတော့ ဟင်နရစ်ခ်ျဟာ လက်ရှိဘွန်ဒက်စ်လီဂါမှတ်ပေးဇယားအဆင့်-၅ နေရာရှိနေတဲ့ လိုက်ပ်ဇစ်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရရှိအောင် ကူညီပေးဖို့ အာရုံစိုက်နေပါတယ်။

"ချန်ပီယံလိဂ်ကစားခွင့်မရဘဲ နောက်ထပ်တစ်နှစ်ကုန်ဆုံးသွားမယ်ဆိုတာ ကလပ်အသင်းအတွက်ရော၊ ကစားသမားတွေနဲ့ ပရိသတ်တွေအတွက်ပါ မကောင်းပါဘူး။ ကျွန်တော်တို့ထဲမှာ ဘယ်သူမှ ဒါမျိုးမဖြစ်ချင်ကြဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က ကျွန်တော်တို့ရဲ့ရည်မှန်းချက် ဖြစ်ရပါမယ်" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် "ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက ကျွန်တော်တို့ဆီမှာ ရင့်ကျက်မှုပိုင်းလိုအပ်ချက်လေးတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအပိုင်းမှာ တိုးတက်မှုတွေ ရှိလာပါပြီ။ ဒါတောင်မှ ခြုံငုံကြည့်ရင်တော့ ကျွန်တော်တို့ ပိုပြီး ရင့်ကျက်ဖို့ လိုပါသေးတယ်"လို့လည်း ၎င်းက ပြောပါတယ်။

ဟင်နရစ်ခ်ျနဲ့ RB လိုက်ပ်ဇစ်အသင်းတို့က ဥရောပဝင်ခွင့်အတွက် အရေးကြီးတဲ့ပွဲစဉ်အဖြစ် ဘိုရုရှားဒေါ့မွန်အသင်းကို လာမယ့်စနေနေ့၊ Red Bull Arena ကွင်းမှာ ဧည့်ခံကစားရပါမယ်။