
ဂျေမီဂစ်တန်စ်ရဲ့အပြောင်းအရွှေ့ဘာကြောင့် ပျက်ပြယ်ခဲ့သလဲ ဒေါ့မွန်အားကစားဒါရိုက်တာ ရှင်းပြ
ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာ ဆီဘက်ရှန်ခဲလ်က ချဲလ်ဆီးနဲ့သဘောတူညီမှုရရှိဖို့နီးစပ်ခဲ့တဲ့ အသင်းရဲ့တောင်ပံကစားသမား ဂျေမီဂစ်တန်စ်ရဲ့အပြောင်းအရွှေ့ ဘာကြောင့် ပျက်ပြယ်ခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ ဂစ်တန်စ်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ သဘောတူညီမှုပျက်ပြယ်ခဲ့တာကြောင့် ဒေါ့မွန်မှာပဲ ဆက်လက်ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာတော့ ဆီဘက်ရှန်ခဲလ်က "နောက်ဆုံးမှာ ကျွန်တော်တို့ ဂျေမီနဲ့ပတ်သက်ပြီး သဘောတူညီမှုမရခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ရှိတန်ကြေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ စဉ်းစားစရာတွေရှိလာလို့ပါ" "ဒါပေမယ့် ချဲလ်ဆီးနဲ့ ကျွန်တော်တို့ လေးလေးစားစားဆက်ဆံခဲ့ကြပါတယ်။ ကျွန်တော်တို့နှစ်ပေါင်းများစွာကတည်းက ချဲလ်ဆီးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူကျွန်တော်တို့နဲ့အတူတူရှိနေမှာဖြစ်လို့ ဝမ်းသာပါတယ်"
"နောက်ကျတဲ့ ကမ်းလှမ်းမှုတွေအတွက် ကျွန်တော်တာဝန်ယူမှာမဟုတ်ပါဘူး။ ဒါပေမယ့် သဘောတူညီမှုရရှိဖို့အတွက်တော့ ဆွေးနွေးပေးသွားပါမယ်။နောက်ပိုင်းမှာဘာတွေဖြစ်လာမလဲ ကျွန်တော်တို့မြင်ရမှာပါ" လို့ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဂစ်တန်စ်ကို ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ဒေါ့မွန်ဘက်က ငြင်းပယ်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ အသက်-၂၀ နှစ်အရွယ်ကစားသမားဟာ ဒေါ့မွန်ရဲ့လေ့ကျင့်ရေးကွင်းသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်သားဟာ ကလပ်ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်သွားမယ့် ဒေါ့မွန်ရဲ့လူစာရင်းထဲမှာလည်း ရောက်ရှိနေပြီဖြစ်ပါတယ်။
အပြောင်းအရွှေ့ဈေးကွက် ပြန်လည်ဖွင့်လှစ်ချိန်မှာတော့ ချဲလ်ဆီးအနေနဲ့ ဂစ်တန်စ်ကို ပြန်လည်ချဉ်းကပ်လာဖွယ်ရှိပြီး လောလောဆယ်မှာတော့ ဒေါ့မွန်ဟာ ကစားသမားရဲ့တန်ကြေးကို ပေါင် ၅၅ သန်းသတ်မှတ်ထားပါတယ်။