
ဂါနာချိုကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတဲ့ ချဲလ်ဆီး
ချဲလ်ဆီးဟာ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကို ပြောင်းရွှေ့ကြေးပေါင် ၂၅ သန်းနဲ့ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေပြီး အပြောင်းအရွှေ့ကာလမပိတ်သိမ်းခင်မှာပဲ သဘောတူညီမှုရရှိဖို့ ကြိုးစားသွားမယ်လို့သိရပါတယ်။
ဂါနာချိုဟာ ပြီးခဲ့တဲ့ရာသီက တော့တင်ဟမ်ကိုရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက်ခွင့်မရခဲ့တာကြောင့် မကျေနပ်ကြောင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် ထုတ်ဖော်ခဲ့ပြီးနောက်ပိုင်း နည်းပြရူဘင်အာမိုရင်နဲ့ ဆက်ဆံရေးပျက်ပြားခဲ့ကာ အခုချိန်အထိ ယူနိုက်အတွက် ပြန်လည်ကစားခွင့်မရသေးပါဘူး။
ဒါ့အပြင် ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်နဲ့လမ်းခွဲဖို့ဆုံးဖြတ်ထားပြီး ယခုနွေရာသီမှာပဲ ချဲလ်ဆီးသို့ပြောင်းရွှေ့ကစားလိုကြောင်း ယူနိုက်တက်ထံ အသိပေးထားပါတယ်။ ချဲလ်ဆီးအနေနဲ့လည်း အာဂျင်တီးနားသားကိုခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အပြောင်းအရွှေ့ဖြစ်ပေါ်လာရေး ယူနိုက်တက်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေရဆဲဖြစ်ပါတယ်။
Daily Mail သတင်းဌာနရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ကနဦးက ဂါနာချိုရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၅၀ အထိသတ်မှတ်ထားပေမယ့် ချဲလ်ဆီးက ပေါင် ၂၅ သန်းနဲ့ ၃၅ သန်းကြားသာပေးချေဖို့ ဆန္ဒရှိနေတာကြောင့် ဈေးလျှော့ပေးဖို့ စဉ်းစားနေတယ်လို့သိရပါတယ်။ အပြောင်းအရွှေ့ကာလက လာမယ့် အင်္ဂါနေ့မှာပဲ ပိတ်သိမ်းတော့မှာဖြစ်လို့ အသက်-၂၁ နှစ်အရွယ်ကစားသမားအတွက် ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့နှစ်သင်းအကြား သဘောတူညီမှုရရှိသွားမလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
ဂါနာချိုကို ဘိုင်ယန်မြူးနစ်အပါအဝင် အခြားဥရောပထိပ်သီးကလပ်တွေကလည်း ကမ်းလှမ်းမှုတွေပြုလုပ်ထားပေမယ့် ကစားသမားဟာ စတန်းဖို့ဒ်ဘရစ်ချ်သို့သာပြောင်းရွှေ့ပြီး ပရီးမီးယားလိဂ်မှာ ဆက်လက်ကစားလိုကြောင်း ပြောကြားထားပါတယ်။ လာမယ့်စနေနေ့မှာတော့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယူနိုက်တက်ကတော့ ဘန်လေကို အိမ်ကွင်းမှာဧည့်ခံကစားသွားရပါမယ်။