
ကီပါ ရောက်ရှိလာပြီးနောက် ပထမ ဂိုးသမားနေရာအတွက် အာမခံချက်မရှိဟု ရာယာ ထုတ်ဖော်
အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာက နည်းပြ မီကယ်အာတီတာဆီကနေ အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာအတွက် အာမခံချက် ဘာတစ်ခုမှ မရရှိထားဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါဟာ ချဲလ်ဆီးနဲ့ ဘုန်းမောက်အသင်းတွေရဲ့ ဂိုးသမားဟောင်း ကီပါအာရီဇာဘာလာဂါ အာဆင်နယ်ကို ရောက်ရှိလာပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကို ရောက်ရှိလာပြီးကတည်းက အဓိက ပွဲထွက်ဂိုးသမားအဖြစ် ကစားခဲ့တဲ့ ရာယာဟာ အခုအခါမှာတော့ အသင်းဖော်သစ် ကီပါရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို တိုက်ရိုက် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ဘီဘီစီ နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ရာယာက "ဘာမှ မပြောပါဘူး။ သူက အသင်းဖော်အသစ်တစ်ယောက်အနေနဲ့ ရောက်လာတာဖြစ်ပြီး ကျွန်တော်တို့ ဂိုးသမားအစုအဖွဲ့ထဲကို နောက်ထပ် ဂိုးသမားတစ်ယောက် ထပ်ဖြည့်တာပါပဲ။ နည်းပြက ဘာမှ မပြောသေးတော့ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့" လို့ ၎င်းရဲ့ အခြေအနေအပေါ် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီလို မရေရာတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာတာဟာ မီလန်အသင်းနဲ့ ကစားခဲ့တဲ့ ရာသီကြိုပွဲစဉ်မှာ ကီပါရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းပြမှုတွေကြောင့်လို့လည်း ဆိုနိုင်ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ကီပါဟာ ပင်နယ်တီ ၃ လုံးအထိ ကာကွယ်ခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
ကီပါ ရောက်ရှိလာတာကြောင့် ဖိအားတွေ ရှိလာနိုင်ပေမယ့်လည်း ဒေးဗစ် ရာယာက သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးအပေါ် အပြုသဘောဆောင်ကြောင်း ပြောကြားခဲ့ပါတယ်။
"ဒါက ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုလို့ပဲ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေပါ။ စပိန်လက်ရွေးစင်အသင်းမှာလည်း အတူရှိခဲ့ဖူးတယ်။ အခု ဒီမှာလည်း အတူရှိနေတော့ ကျန်းမာတဲ့ ဆက်ဆံရေး၊ ကျန်းမာတဲ့ ပူးပေါင်းဆောင်ရွက်မှုလို့ပဲ ပြောရမှာပေါ့" လို့ ရာယာက ဆိုခဲ့ပါတယ်။