
ဒီနှစ်ရာသီ ဒိုကူရဲ့ခြေစွမ်းတိုးတက်လာမှုကို ချီးကျူးလိုက်တဲ့ ဂွါဒီယိုလာ
မန်စီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာက ဘယ်လ်ဂျီယံတောင်ပံကစားသမား ဂျေရမီဒိုကူဟာ ဘန်လေအသင်းကို ၅-၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကြောင့် ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ သိသိသာသာတိုးတက်လာခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ဒိုကူက နှစ်ဂိုးဖန်တီးပေးခဲ့ပြီး မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားအထက်ပိုင်းကို ရောက်ရှိစေဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာက "ဂျေရီမီက Final Thridထဲ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ အရမ်းကိုတိုးတက်လာတယ်၊ အံ့ဩစရာပဲ။ အရင်ကနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အာလင်းကို ဂိုးဖန်တီးပေးခဲ့ပြီး နေရာတွေဘယ်မှာရှိတယ်ဆိုတာကိုပါသိလာတယ်။ သူကတော့ နောက်တန်းကိုအားနည်းချက်ဖြစ်အောင်လုပ်ဆောင်တဲ့အသင်းတွေအတွက်ဆိုရင် တကယ့်ကိုအန္တရာယ်ရှိတဲ့ကစားသမားတစ်ယောက်ပါ"လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီတွေမှာသူ့ရဲ့ကစားကွက်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေခံခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ (၇) ပွဲကစားပြီး ၁ ဂိုးသွင်းယူ၊ ၃ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဂွါဒီယိုလာက ဒိုကူရဲ့ ပြိုင်ဘက်ကစားပုံအပေါ် ဖတ်ရှုနိုင်စွမ်းကိုအလေးထားပြောကြားခဲ့ပြီး "အခုဆိုရင် ပြိုင်ဘက်တွေကဘယ်လိုကစားကွက်တွေနဲ့ ကစားနေလဲဆိုတာသိလာပြီး ဘယ်သူက ဘယ်နေရာမှာရှိနေပြီး ဘယ်လိုဖြတ်တင်ပေးရမလဲဆိုတာကို နားလည်လာပါတယ်။ သူ အများကြီးတိုးတက်လာခဲ့ပါတယ်" လို့ဆိုပါတယ်။
ဂွါဒီယိုလာက မန်ချက်စတာဒါဘီပွဲစဉ်မှာအနိုင်ရရှိခဲ့ပြီးကတည်းက သူ့ရဲ့အသင်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတွေတိုးတက်လာခဲ့ကြောင်းပြောကြားခဲ့ပါတယ်။
"ယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲကစပြီး အသင်းက တခြားနည်းလမ်းတွေ၊ တခြားကစားပုံတွေပြသနိုင်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ပွဲမှာတောင် သူတို့ခြေစွမ်းမပြနိုင်ခဲ့ပေမဲ့ ဘယ်လိုကာကွယ်သွားလဲ၊ ဘယ်လိုအပြန်အလှန်ကူညီသွားကြလဲဆိုတာက အရာအားလုံးရဲ့အဓိကပါပဲ"လို့ ဂွါဒီယိုလာက ဆိုပါတယ်။